မနက်စာ စားပြီးနောက်မှာ အကိုက သူပေးထားတဲ့ကတိအတိုင်း ကျွန်တော့်ကို စက်ဘီးနှင့်တင်ပြီး အဆောင်ရှေ့အထိလိုက်ပို့ပေးသည်။ ကျွန်တော်တို့ ကျောင်းဆောင်ရှေ့မှာ ကြိုလို့ ရောက်နှင့်နေပါတဲ့ ပန်းသွဲ့သွဲ့အေးတို့သုံးယောက်သည် အကို့စက်ဘီးရပ်သည်နှင့် ကျွန်တော့်တို့အနားသို့ရောက်လာသည်။
"အကိုကြီး ဒီနေ့ထမင်းစားချိန်ဆုံကြရအောင်လေ။"
သိမ့်သိမ့်စိုးမြင့်က သူ့ဝသီအတိုင်း အဖွင့်စကားကို လှအောင်ပြောလေသည်။ ထိုအပြောကို ကျွန်တော်လည်း သဘောကျရပါသည်။ မနက်စာ အတူစားခဲ့ပြီးဖြစ်သော်လည်း နေ့လယ်စာပါ အတူထပ်စားရရင်၊ နောက်ဆုံးညစာအထိပါ အကိုနဲ့အတူ စားရမည်ဆိုလျှင် ဘဝက ဘယ်လောက်တောင်မှ သာယာပါလိမ့်မည်လဲဟုပါ တွေးမိသည်။
"ရတယ်လေ။ ၁၂လောက် ကန်တင်းမှာဆုံကြတာပေါ့။"
"ဒီတစ်ခါ သမီးတို့ရှင်းမှာနော် အကိုကြီး။"
"အငယ်တွေပဲဟာ။ ကဲ ကိုယ်သွားမယ်"
ကျွန်တော့်တို့အားလုံးကို လက်ပြလို့နှုတ်ဆတ်သွားပါသော အကို့ကျောပြင် ရွေ့လျားနေတာကို ကြည့်ရင်းဖြင့် ကျွန်တော့်မှာ ပီတိဖြာရသည်က အကြောင်းပြချက်ဆိုသည် စိုးတစ်စင်းမျှ မရှိပါ။
"သွားမယ်လေ အောင်။
ဒီနေ့ ငါတို့အတန်းက ဆင်းတာ နောက်ကျနေတယ်ဟာ..."ပစ္စည်းတွေကို စနစ်တကျပြန်ထည့်နေပါသော ကျွန်တော်သည် အလောကြီးနေပါသော ပန်းသွဲ့သွဲ့အေးအား...
"ခဏလေးပါပဲ.." လို့ပြောပြီး ပစ္စည်းတွေသိမ်းဆည်းနေလိုက်သည်။အသုံးပြုပြီးသားဖြစ်သော ပစ္စည်းများကို ဖြစ်သလို ပြန်သိမ်းတတ်သည်က မကောင်းသည့်အကျင့်ဟု သင်ယူခဲ့ရသည်ကြောင့်၊ အလောတကြီးနဲ့ အလျင်စလို ပြုမူခြင်းက သတိလက်လွတ်ဖြစ်စေတတ်ပြီး ပိုလို့ကြန့်ကြာစေပါသည်ဟု သင်ယူခဲ့ရသောကြောင့် အရာရာကို ဖြည်းဖြည်းချင်းလုပ်ဆောင်တတ်ခြင်းက ကျွန်တော့်ရဲ့အကျင့်တစ်ခုလိုဖြစ်နေသည်။
"အကိုကြီးတို့ စားလို့ပြီးသွားပြီလား မသိဘူးနော်။"
ထိုအခါမှ ချိန်းဆိုထားသောကိစ္စကို ကျွန်တော်သတိရသွားပြီး နာရီကိုကြည့်လိုက်တော့ ၁၂ခွဲလို့နေပြီ။