"အကို့အနားက မွှေးနေတာပဲနော်..."
ရှေ့ကနေ စက်ဘီးစီးနေပါတဲ့ အကို့ကျောပြင်နားကို နှာခေါင်းအပ်လို့ စိတ်ထဲမှာ ခံစားရသည့်အတိုင်းပဲ ပြောဆိုနေမိသည်။ ရနံ့တွေနဲ့ ပက်သတ်ရင် သိပ်ပြီးခံစားမှုမကောင်းတဲ့ ကျွန်တော်ကလေ အခုအကို့ရေမွှေးရနံ့ကို တော်တော်လေးကို သဘောကျလို့နေမိတာ။
"လာဗင်ဒါအနံ့လေ...ပြင်သစ်ကနေ ကိုကိုဝယ်လာပေးတာတဲ့"
"အကို့အတွက်လား..."
ကိုကိုနဲ့ အကိုတို့ အခုမှတွေ့ဖူးကြသည်ဆိုတာကြောင့် အခုမှသိတဲ့ အကို့အတွက် ကိုကိုက ရေမွှေးဝယ်လာပေးတာ မဖြစ်နိုင်ပါ။
"မဟုတ်ဘူး အကိုကြီးအတွက်ဝယ်လာပေးတာ။"
"အော်...ဒါဆို ကိုကြည်သာ ပေးတာပေါ့...."
"အဲ့လိုလည်း မဟုတ်ဘူး။ ဒီတိုင်း ကိုယ်ယူလိုက်တာဘဲ။ ကိုယ်ကြိုက်လို့လေ...အကိုကြီးက လာဗင်ဒါအနံ့ကို မကြိုက်ပါဘူး။ အဲ့တာကြောင့် ကိုယ်ပဲ ယူလိုက်တာ..."
"အကို အဲ့လိုလုပ်တော့ ကိုကြည်သာက ဘာမှမပြောဘူးလား။ ဟို...ကျွန်တော်ပြောချင်တာက ၊ ကျွန်တော်ဆို ကျွန်တော့်ပစ္စည်းကို ခွင့်မပြုပဲယူကိုင်တာမျိုးသဘောမကျ..."
"ကိုယ်ဆိုရင်ရော.."
ကျွန်တော့် စကားသံမဆုံးသေးခင်မှာပဲ ကြားဖြတ်ပြောပါတဲ့ အကို့စကားကြောင့် ကျွန်တော့်မှာ ပြန်ပြောဖို့ရန်အတွက် ဆွံ့အသွားရသည်။
အကိုဟာ ကျွန်တော့်အတွက်ခြွင်းချက်ကလေး။ အကိုဘာပဲလုပ်လုပ် ကျွန်တော်က ကြည်ဖြူပေးနိုင်သည်။ ကိုကြည်သာအတွက်လည်း အကိုဟာ ဤသို့ပင်ဖြစ်နိုင်သည်။
ကျွန်တော့်လိုပဲ ကိုကြည်သာကလည်း အကိုဘာပဲလုပ်လုပ် ဘာပဲ ပြောပြော သဘောတကျနဲ့ကို ရှိနေတတ်တာ။ ကျွန်တော့်လိုပဲ ကြည်ဖြူနိုင်ခြင်းနဲ့ မြတ်နိုးခြင်းတွေ စုဝေးနေတဲ့ ကိုကြည်သာ့မျက်ဝန်းတို့က မဟုတ်မှလွဲရော...........
"ကိုယ့်ကို သီချင်းဆိုပြပါဦး သော်ရ..."
"ဗျာ...."
"သော် သီချင်းမဆိုပြတာ ကြာပြီလေကွာ။ ရေပြာလှိုင်းကို ဆိုပြ..."