*သီချင်းလွဲထားတာကို ဘယ်သူမှမသိကြဘူးရှင်။
သီချင်းဆက်တဲ့ဂိမ်းကိုရော သိကြရဲ့လား...."ဟေး အောင်။"
နေ့လယ်နားချိန်ဆင်းသည့်အချိန်မှာ မနက်ထဲက မမြင်ရသေးသည့် အကို့ကို လိုက်ရှာဖို့ရန် စိတ်အားထက်သန်နေပါသည်ဆိုမှ လာလို့နှုတ်ဆတ်သည့် ပန်းသွဲ့သွဲ့အေး။ ပြန်မနှုတ်ဆတ်ပဲ နေလို့ကလည်း မကောင်းတတ်တာမို့....
"ပန်းသွဲ့သွဲ့အေး။ ဘယ်သွားမလို့လဲ""ထမင်းသွားစားမလို့။ လိုက်ခဲ့လေ..."
အပြောနှင့်အလုပ် ညီလှပါကြောင်း သိလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် လိုက်ခဲ့လေ ဟူသော သူမရဲ့ စကားအဆုံးမှာ ကျွန်တော့် လက်မောင်းကို ဆွဲလို့ ရှေ့ကနေသွားလေပြီမို့ပါ။
"ဟယ် အောင်နဲ့နင်က ဘယ်လိုဆုံလာတာလဲ။"
အရပ်ပုတဲ့ သိမ့်သိမ့်စိုးမြင့်က ထိုင်ခုံကနေ ထ,လာပြီး မေးသည်မို့ ကျွန်တော့်မှာ သူမထံသို့ပြုံးပြလိုက်ရသည်။ တက္ကသိုလ်ပထမရက်မှာ ဆုံခဲ့ကြတဲ့ သူမတို့သုံးယောက်နဲ့ နေ့လည်စာစားရသည်က ငြိမ်သက်မှုတို့ ကင်းလွတ်နေသည်။
"အောင်ရေ နင်နဲ့ အကိုကြီးနဲ့ မနေ့ကဘယ်လိုပြန်ကြလဲ"
သူမတို့အချင်းချင်း ပြောလို့ဆုံးတော့ ကျွန်တော့်ဘက်ကို ကြည့်ပြီး မေးသည့် သိမ့်သိမ့်စိုးမြင့်။ သူမတို့ သုံးယောက်ထဲမှာ သိမ့်သိမ့်စိုးမြင့်က အသွက်ဆုံးဟု ကျွန်တော်မှတ်ချက်ချမိသည်။
"အဆောင်ရောက်တော့ လူချင်းကွဲသွားတာပါပဲ"
အပြုံးကပ်ပြီး ဖြေပေးနေရတာကို ပင်ပန်းလာသည်။ တစ်ခါမှ အခုလို မနေဖူးသူမို့ ကျွန်တော့်အတွက်တော့ သူမတို့နဲ့ စကားပြောရင်း အမှားပါမည်ကို ထိတ်တလန့်လန့်ဖြစ်နေရသည်။
"ဒါနဲ့ အောင်က ပုပ္ပါးကနော်။
ငါက ညောင်ဦးက၊ လေပြေနုသွေးက ကျောက်ပန်းတောင်း၊ ပန်းသွဲ့သွဲ့အေးကတော့ မိတ္ထီလာသူ။ မှတ်ထားဦး""အင်း မှတ်ထားမယ်"
"ငါတို့ သုံးယောက်လေ အခေါ်အဝေါ်တွေကို ချုံ့ကြရအောင်။ ငါ့ကိုတော့ သိမ့်သိမ့်လို့ပဲခေါ်ပါဟာ..."