အပိုင်း (၄၀)

830 51 9
                                    

"ခဏ ခဏ !!!"

စာအုပ်အဖုံးကို အမြန် ပြန်ပိတ်ဖို့ လုပ်လိုက်သော်လည်း အချိန်မမှီလိုက်ပါ။ ပန်းသွဲ့က သိမ့်သိမ့်၏စာအုပ် ဆွဲယူကာ ချက်ချင်းပဲဖွင့်ကြည့်တော့သည်။

"နင် ကာတွန်းလည်းဆွဲတယ်လား..."

Drawing bookလေးကို လှန်လှောကြည့်နေပုံက ဘာမှမထူးဆန်းသလို၊ ပုံမှန် ကာတွန်းရုပ်ပုံတွေကို ကြည့်နေရသလိုနှင့်ပင် စကားပြောလာသည်။

"မဟုတ်ဘူး၊ အဖြစ်အပျက်တွေကို မှတ်သားဆွဲထားတာ။ အဲ့ဒီကနေမှ စာအဖြစ်ပြန်ရေးမှာ"

"ဟင် !! ဒါဆို ဒါကဇာတ်ကွက်တွေပေါ့"

"အင်း!!!"

မသက်မသာ မျက်နှာထားနဲ့ ခေါင်းငြိမ့်ကာ 'အင်း'လိုက်တော့ အလျင်စလိုနဲ့ အမြန်ဆုံးထွက်လာတဲ့ ပန်းသွဲ့၏ နှုတ်ထွက်စကားက...
"ယောကျာ်းပုံတွေကြီးနဲ့ ဟယ်" တဲ့။

"ဒီမယ်လေ။ ဒါက မိန်းကလေး..."

ခန္ဓာကိုယ်လည်း မသေးသွယ်၊ အရပ်ကလည်း အနည်းငယ်ထောက်ပါတဲ့ ထိုပုံက ဘေးမှာရေးဆွဲထားတဲ့ နောက်ထက်ဇာတ်ကောင်နှင့်ဆိုင်လျှင် ပိုလို့မိန်းကလေးပုံပေါက်သည်မို့ ရောရမ်းပြီးရွှီးဖြန်းကြည့်လိုက်တော့...
"နင် မိန်းကလေးပုံ မဆွဲတတ်တာမဟုတ်လား။"

"ဆွဲတတ်တယ်လေ..."
တကယ်လည်း ဆွဲတတ်သည်မို့ အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။

"ဒါ ရေတမာပင် မဟုတ်လား..."

ရေတမာပင်အောက်မှာ စက်ဘီးလေး တစ်စီးရပ်တန့်နေသည့်ပုံ။ ရှေ့ကအမျိုးသားသည် ခြေထောက်ကာ  စက်ဘီးရပ်ထားပြီး မော်ကြွားနေသည့် ဟန်အပြည့်နှင့်။ နောက်ထိုင်ခုံက အမျိုးသားကတော့ဖြင့် လောကကြီးကို အပိုင်စားရထားသည်နှယ် ပြုံးရွှင်ကျေနပ်လို့နေသည့်ဟန်။

သိမ့်သိမ့်စိုးမြင့်၏ ရုပ်ပုံတို့သည် အသက်ဝင်နေသလိုပင်။ အထူးသဖြင့် မျက်နှာအမူအရာ၊ မျက်လုံးအရောင်တို့ကို ခဲဖြင့် အထူအပါး၊ အဖိအဖော့ အတိအကျ ရေးဆွဲထားသည်။ ကြည့်ရသူအဖို့တော့ ဇာတ်လမ်းတစ်ခု ကြည့်လိုက်ရသကဲ့သို့သော ခံစားမှုကိုပေးစွမ်း၏။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now