အချပ်ပို

3.5K 119 22
                                    

"တကယ်ချစ်ရင် အတူရှိပေးရမှာပေါ့တဲ့။ ကိုယ်တော့ အဲ့ဒီစကားကိုလက်မခံဘူးသော်...

အကိုက ကျွန်တော်ဦးနှောက်ထဲကို ရိုက်သွင်းပေးခဲ့သည်။ သူကျွန်တော့်ကို ရှောင်လွှဲခဲ့တာဟာ မချစ်လို့မဟုတ်ဘူးဆိုတဲ့ ဒီအသိနဲ့ ကျွန်တော့်နှလုံးသားက တမြေ့မြေ့လေး ခံစားရသည်။"

ခရမ်းရောင်လွင်နေသော လာဗင်ဒါခင်းရဲ့ အလယ်မှာ ဒူးထောက်ပြီး ထိုင်ချထားသောကောင်မလေးဟာ သူမလက်ထဲက စာအုပ်၏နောက်တစ်မျက်နှာကို လှန်လိုက်သည်။

"ချစ်လွန်းလို့ပါ၊ကိုယ်သိပ်ချစ်လွန်းလို့ကြောက်ခဲ့တာပါကွာ....
အကိုဟာ ဒီစကားကို တည်ငြိမ်စွာနဲ့ပင်ပြောခဲ့သည်။ ချစ်လို့ စွန့်ခွာသွားတဲ့ အကို့ကို ကျွန်တော့်ဘက်ကတော့ မမုန်းရက်နိုင်ပါ။"

ကြင်နာစွာနဲ့ စာအုပ်ဖတ်ပြနေရင်းဖြင့် သူမဟာ အနက်ရောင် မျက်မှန်ကိုင်းပင့်တင်ကာ မျက်နှာကို အပေါ်သို့ မော့ပစ်လိုက်သည်။

"သတ္တိမရှိတဲ့ အကို့ကို နာကြည်းလို့မရတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်မုန်းရင်းနဲ့ ကျွန်တော်ဟာ အကိုရှိရာအရပ်ကို နောက်တစ်ခေါက်လာဖို့ အကြောင်းဖန်ပြန်တယ်။

ဒီတစ်ခေါက်မှ မဟုတ်ရင် ကျွန်တော်နဲ့ကျွန်တော် ထပ်တွေ့ဖို့ အခွင့်အရေးမရှိတော့ဘူးလေ။ ကြည်ညိုဖွယ်အကို့မျက်နှာကို နောက်ထပ် မြင်ရရင် ရူးသွားမှာမို့ ထိုနေ့အလွန်မှာ ကျွန်တော့်ဟာ အကိုသဘောကျတဲ့အရာတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော့်ရဲ့အသိုက်အမြုံကို ပြန်သွားခဲ့တယ်။"

စာအုပ်ကို မကြည့်ပဲ မျက်နှာကို ကောင်းကင်ပေါ်မော့တင်ထားတဲ့ သူမဟာ စာအုပ်ထဲမှစာသားများကို အပိုအလိုမရှိ မထစ်မငေါ့ပဲ ရွတ်ပြနေသည်။

"သိပ်တော်လွန်းတဲ့ ကျွန်တော့်အကို၊ ကျွန်တော့်နှလုံးသားကို နည်းနည်းလေးမှ မငဲ့ညှာခဲ့တဲ့ အကို့ဘေးမှာ အကို့သိပ်ချစ်ရတဲ့ မိသားစုဝင်တွေက ငိုနေကြသည်။ ဒီမြင်ကွင်းကြောင့် ကျွန်တော် ပြုံးလိုက်သည်။

ငိုကြပါစေလေ...သူ့မိသားစု မျက်နှာညှိုးမှာ သိပ်ကြောက်တဲ့အကိုကြောင့် သူတို့တွေတစ်ခါလေးတောင် အကို့အတွက်နဲ့မငိုခဲ့ရပါ။ အခုတစ်ခါတော့ သူတို့ခံစားမိသလောက် အကို့အချစ်တွေကို ပြန်တွေးရင်း ငိုကြပါစေလေ။"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin