အကို့ကို စောင့်မနေတော့ပဲ တစ်ယောက်တည်း အစောထွက်ခဲ့လိုက်သည်။ အကို့ကို စိတ်ဆိုးလို့ အကိုနဲ့အတူ ကျောင်းမသွားချင်ပါသော်လည်း ကျွန်တော့်ဘေးမှာ ရစ်သိုင်းလာသည်က အကိုရဲ့ပုံရိပ်တို့၊ ကျွန်တော့်အတွေးမှာ စိုးမိုးထားသည်က အကိုနဲ့ဆက်နွှယ်သမျှ အတွေးတို့သာ ဖြစ်နေတော့သည်။
"ဟိတ် အောင်။"
"အော်..."
"အေးဟ။ ဒါနဲ့လေ နင်ဘယ်သွားမှာလဲ"
"ဦးပိန်သွားမလို့။ လိုက်ဦးမလား"
"မလိုက်တော့ပါဘူး။ အတန်းချိန်ရှိနေတာကိုတဲ့။
နင်လည်း မသွားပါနဲ့ဟာ။ စာတွေက ခက်တယ်ဟ။""အေးအေး..."
ငြိမ်းအေးသွားတဲ့ ကျွန်တော့်အပြုံးတို့ကြောင့် သိမ့်သိမ့်စိုးမြင့်ကကျွန်တော့်မျက်နှာကို ကြည့်လာပြီး...
"နင်ကျောင်းသွားမှာမလား" ဆိုကာ လက်ညှိုးလေးထိုးပြီး မေးသည်။"အေး ဟုတ်တယ်။"
အမှန်တိုင်းဝန်ခံလိုက်တော့ သူမက နှုတ်ခမ်းလေးဆူသွားသည်။ ပြီးနောက် ပါးစပ်ကနေ ဘာတွေ ပွစိပွစိရေရွတ်နေသလဲတော့မသိ အမူအရာက တော်တော်လေး ရယ်ချင်စရာပင်။
"သိမ့်သိမ့်..."
သူမနဲ့ စကားပြောရတာ ကျွန်တော့်ရင်ထဲက ဝေဒနာတွေ နည်းနည်းသက်သာသလို ခံစားရသည်။ ဒါကြောင့် စကားဆက်ပြောဖို့ရန်အတွက် သူမ၏ အမည်ကို ရေရွတ်လိုက်သည်။
"ငါမေးချင်တာ ရှိလို့ပါ။"
စကားပြန်မပြောသည်မို့ ကျွန်တော့်မှာ ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကို ထုတ်ပြောလိုက်ရသည်။
"မေး..."
မေးဆတ်ပြပုံက သူ့ကိုတလွဲဖြေလို့ ကျွန်တော့်ကို မကျေနပ်သေးသည့် ပုံပင်။
"နင် ဘာဖြစ်ချင်လဲ ဟင်။ နင်တကယ်ဖြစ်ချင်တာက ဆရာဝန်ပဲလား။"
"မဟုတ်ဘူးဟ။ ငါတကယ်ဖြစ်ချင်တာက...ငါပြောမယ်နော် နင်မရယ်နဲ့။"
ပြုံးစစဖြစ်လာတဲ့ သူမရဲ့မျက်နှာလေးကို ကြည့်ကာ ကျွန်တော့်စိတ်ထဲ လေးလံခဲ့သမျှကို လွှတ်ချလိုက်ပြီး သူမရဲ့အဖြေကိုပဲ မျှော်လင့်တကြီးနဲ့...
"မရယ်ပါဘူး။ ပြောပါဟ..."