အပိုင်း (၂၀)

976 61 38
                                    

"အဝန်း...ထတော့"

ထိုသို့ပြောပြီး အဝန်း၏ ဆပ်ပြာခြင်းအတွင်းရှိ သွားတိုက်တံတွင် သွားတိုက်ဆေး ထည့်သည်။ ပြီးမှ အဝန်းအိပ်နေသည့် နေရာသို့လာကာ ခြုံစောင်ကို ဆွဲချပြီး အဝန်းလက်ကို ဆွဲ၍ ခန္ဓာကိုယ် ထူလိုက်သည်။

ထိုင်လျက်ကနေ မျက်လုံးမဖွင့်သေးပဲ လက်ဖြန့်လာသည်က သွားတိုက်တံကို တောင်းသည်ဆိုတာပင်။ ကြည်သာ အလိုက်တသိပင် အဝန်းလက်ထဲ သွားတိုက်တံထည့်ပေးလိုက်သည်။

"မြန်မြန်လုပ်ထား။ ခုံမှာ လက်ဖက်ရည် ထည့်ထားပေးမယ်"

ပြန်ပြောသံကို မကြားရသော်လည်း ခေါင်းကို လေးတွဲ့တွဲ့ ငြိမ့်ပြသည်မို့ ကြည်သာ အဝန်းအခန်းထဲကနေထွက်လာလိုက်သည်။ အိမ်ပြန်ဖို့ရန်အတွက် မနက်အစောထရသည်ကို အဝန်းမကြိုက်ပါ။

သန်းခေါင်ကျော်မှ စာထကြည့်တတ်ပြီး ၄နာရီလောက်ဆို ပြန်အိပ်တတ်သည့်အဝန်းက မနက်၄ခွဲမှာ မထ,ချင်တာ အဆန်းမဟုတ်ပါ။ ကြည်သာ့အတွက်လည်း ဤသို့ နှိုးရသည်ကို မမှုတတ်တော့။ အရင်နှစ်က တစ်နှစ်လုံး အသားကျခဲ့သည့် အိမ်ပြန်မည့်မနက် အဝန်းကို နှိုးခြင်းတာဝန်က အခုနှစ်အစမှာလည်း သူကျေပွန်စွာ ထမ်းဆောင်လိုက်သည်။

"ဖြေးဖြေး သွား! လဲကျဦးမယ်"

အိပ်ခန်းထဲကနေ ချက်ချင်းကြီး ထွက်ပြေးလာတဲ့ အဝန်းရဲ့ ပါးစပ်မှာ သွားတိုက်တံက တန်းလန်းနှင့်။ ဘာတွေများ အလောကြီးလာသလဲ မပြောတတ်ပါ။

ဖန်ခွက်နှစ်ခုထဲသို့ လက်ဖက်ရည် ၃ရာဖိုးကို မျှထည့်သော်လည်း စေတနာပိုရသူအတွက် ခပ်များများ ထည့်ပေးထားမိသည်။ လက်ဖက်ရည် အဆင်သင့်ရတော့ မုန့်ကြွပ်ကို ယူရန် ကြည်သာ့ အခန်းထဲဝင်ခဲ့လိုက်သည်။

ယူပြီးလို့ အခန်းထဲကနေအထွက်မှာ အဝတ်အစားလဲပြီးပြီဖြစ်တဲ့ အဝန်းက အရင်ကလို ကြည်သာပြင်ပေးထားတဲ့ လက်ဖက်ရည်ကို အဆင်သင့်သောက်နေတာမျိုး မဟုတ်ပဲ အပြင်ထွက်ဖို့ လုပ်နေတဲ့ နောက်ကျောပြင်ကိုမြင်လိုက်တာဖြစ်တာကြောင့်...
"ဒါက ဘယ်လဲ" လို့ မေးမိသည်။

"သော့်ဆီ ခဏ၊ အကိုကြီး..."

နောက်ကိုတောင် ပြန်လှည့်မကြည့်ပဲ ထွက်သွားတဲ့ အဝန်းကို ကြည့်ပြီး ကြည်သာ ခေါင်ယမ်းမိသည်။ ခင်တွယ်ရာဆီ ထွက်သွားသူ ပြန်လာချိန်ကို စားပွဲပြင်လို့ စောင့်နေရတော့မည်။ အိမ်ပြန်မယ့် မနက်တိုင်း အိပ်ရာထ လက်ဖက်ရည်ကို နှစ်ယောက်အတူ သောက်နေကြမို့ ကျန်ရစ်တဲ့ ကြည်သာက အဝန်းအလာကို ထိုင်စောင့်နေလေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now