အပိုင်း (၁၂)

938 76 30
                                    

"ကျွန်တော် အိမ်ထဲဝင်တော့မယ်။ ညနေဘက် အကိုအားရင်လာခဲ့လေ..."

အကို့စက်ဘီးပေါ်ကနေဆင်းပြီး အိမ်ထဲမဝင်ခင်လေးမှာ နောက်ထပ် ဆုံတွေ့ဖို့ ကျွန်တော့်ဘက်ကပဲ အကြောင်းဖန်ဖြစ်သည်။

"ခဏ သော်။ ကိုယ်လည်း သော့်အိမ်ထဲဝင်ဦးမယ်"

ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုပဲ အကို့မျက်နှာအသွင်ပြင်က ပြတ်သားစွာပင်။ ချက်ချင်းပဲ စက်ဘီးကို ဒေါက်ထောက်ပြီး ကျွန်တော့်ထက်အရင်ပင် အိမ်တံခါးဆီရောက်သွားတဲ့ အကို့ကို ကြည့်ရင်း ကျွန်တော်ကတော့ နေရာကနေ မရွေ့နိုင်ပဲဖြစ်နေရသည်။

"လာလေ သော်။ တံခါးဖွင့်ဦး။
ဘာလဲ ကိုယ့်ကိုအိမ်ထဲမဝင်စေချင်လို့လား"

"မဟုတ်တာ အကိုရာ။ လာပြီ လာပြီ"

ခြေလှမ်းသွက်သွက်နဲ့ပဲ တံခါးဆီကို အရောက်လှမ်းပြီး အမြန်ပဲ အိမ်တံခါးကို ဖွင့်လိုက်ရသည်။ အလျင်လိုပါတယ်ဆိုမှ တံခါးသော့ကလည်း တော်တော်နဲ့ မပွင့်ဘူးဖြစ်နေသည်။

"သော့် လက်တွေတုန်နေတယ်။ ဘာလဲ တစ်ပတ်လောက်တော့ သွားဝယ်ပေးရတော့မှာလား...."

ဘေးတိုက်အနေအထားကနေ တံခါးဖွင့်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ပြုံးစစနဲ့ ပြောတဲ့ အကို့မျက်နှာ ခပ်ရွှင်ရွှင်ကြောင့် အစောက ကျောင်းမှာဖြတ်ခနဲမြင်လိုက်ရတဲ့ ဒေါသထွက်စိတ်တိုနေတာ အကိုမှဟုတ်ပါရဲ့လားလို့တောင် တွေးမိသည်။

တော်တော်လည်း အပြောင်းအလဲ မြန်လွန်းတဲ့အကို။ အကိုအပြောင်းအလဲမြန်တာ ဘာကြောင့်လဲတော့ ကျွန်တော်မသိပါ။ လေပြေနုသွေးကတာ ကို သဘောမကျတာလား။ ဒါမှမဟုတ်...ထားပါလေ။ ကျွန်တော့်ဘက်က အရမ်းကြီး အပိုင်မတွက်တာပဲ ကောင်းပါတယ်။

"သော့ဖွင့်မယ်ဆိုပြီး ဘာတွေးတွေနေတာလဲ ကောင်လေး။ ဘာလဲ ကိုယ်လည်းသူ့လို ကပြရမှာလား။ မင်းရဲ့အမြင်တွေထဲမှာ ကိုယ် ကနေတဲ့ ပုံရိပ်တွေပဲပြည့်သွားအောင်လေ။"

"ဗျာ..."

"ကဲ သော်ဖယ်တော့။ ကိုယ်ပဲ ဖွင့်တော့မယ်"

ထိုသို့ပြောပြီး ကျွန်တော့် ခန္ဓာကိုယ်ကို အကို့လက်လေးနဲ့ အနောက်သို့ အသာအယာတွန်းဖယ်ရင်း သော့ခလောက်မှာရှိသည့် သော့တံကို လှည့်ဖို့ရန်လုပ်လေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Donde viven las historias. Descúbrelo ahora