Episode - 15

5.6K 385 1
                                    


စိတ်တိုင်းကျ ရွာသွန်းပြီးသွားသော မိုးတိမ်များမှာ သည်နေ့မနက်တွင်တော့ အလုံးစုံ ပျောက်ကွယ် သွားကုန်ကြသည်။ တိမ်ကင်းစင်ကာ ပြာလဲ့နေသော ကောင်းကင်ကြီးတွင် တရိပ်ရိပ် တက်လာနေသော နေမင်း၏ အလင်းရောင်သည် နှလုံးနှင့်ကျောက်ကပ် အထူးကုဆေးရုံကြီး၏ သီးသန့်လူနာခန်းထဲသို့ပင် ကျူးကျော်ဝင်ရောက်နေပြီဖြစ်သည်။

တစ်ယောက်တည်းနိုးထခဲ့ရသည့် မနက်ခင်းတွေနဲ့သိသိသာသာ ကွာခြားမှုမှာ ခွန်း၏ ရင်ဘက်အနီးတစ်ဝိုက်တွင် ခပ်နွေးနွေးလေးဖြစ်နေသည်။ မျက်လုံးကိုအသာဖွင့်ကြည့်ကာ ငုံကြည့်မိတော့ သူပုတ်နေကျ အုန်းမုက်ခွက် ခေါင်းလုံးလုံးလေး ဖြစ်သည်။ မျက်နှာမပေါ်အောင် ခွန်း၏ ရင်ဘတ်ဆီသို့ အတင်းကပ်ထားပုံရသည်။ သို့မဟုတ် မနေ့ညက ချမ်းလွန်း၍ သူ့ဖက်ပိုတိုးမိပုံပင်။

မနေ့ညက ကံကောင်းထောက်မစွာ ကားတစ်စီးရခဲ့သည်။ ဆေးရုံ ပြန်ဝင်တော့ ၂ယောက်လုံး စိုရွှဲ နေပြီဖြစ်သည်။ အခန်းထဲထိ ဒီအတိုင်း တက်လာခဲ့ပြီး တိမ်တိုက်ကို လူနာဝတ်စုံ ပြန်လဲပေးလိုက်သည်။ သူကတော့ ဆေးရုံအုပ်
ဦးမိုးသာမြိုင် ထံသွားကာ အင်္ကျီ တစ်စုံသွားတောင်းခဲ့သည်။

'' ဦးမိုး ကျွန်တော့် အဝတ်တွေမိုးရေစိုကုန်လို့ လဲစရာတစ်ခုခုများရနိုင်မလား ''

'' ဦး အင်္ကျီ အပိုတွေတော့ပါတယ် ဒါပေမယ့် သားဝတ်ရတာ အဆင်ပြေမှာမဟုတ်ဘူးထင်တယ် အောက်ထပ်က စတိုခန်းထဲကိုသွားပြီး Nurse aid ယူနီဖောင်း အသစ် တစ်စုံသွားတောင်းလိုက် ။ ဦးယူခိုင်းတယ်ပြောလိုက်ရတယ်။အဲ့ကဟာတွေကတော့ ပါကင်နော် သား။ ဝတ်ပြီးသားတွေမဟုတ်ဘူး ။ ''

ခွန်းအသန့်ကြိုက်ပုံကို ဦးမိုးသာမြိုင် ကအစ သိသည်ထင်သည်။

ဦးမိုးသာမြိုင် ဆိုတာ ခွန်းတို့မိသားစု မပြိုကွဲချိန်ကတည်းက ခွန်းဖေဖေ ဦးမာန်ခွန်းစစ် နှင့် သူငယ်ချင်းများဖြစ်ကြပြီး ခွန်း တို့ မောင်နှမတွေနှင့်လည်းရင်နှီးခဲ့ကြသည်။ အဲ့သည့်အချိန်က ဦးမိုးသာမြိုင် မှာ ဆေးရုံအုပ်မဖြစ်သေးပေ။ ခွန်းတို့ မိသားစု ပြိုကွဲ ပြီးမကြာခင် နိုင်ငံခြားသို့ ပါရဂူဘွဲ့သွားထပ်တက်နေခြင်းဖြစ်သည်။ သိပ်မကြာခင်ကမှ မြန်မာနိုင်ငံ ပြန်ရောက်လာပြီး ဆေးရုံအုပ် ဖြစ်လာခဲ့သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now