Episode - 23

4.5K 347 25
                                    


ညနေခင်း မိုးတိမ်များကြောင့် အငြိုးကြီးစွာရွာနေသောမိုးမှာ အေးမြချမ်းစိမ့်လျက်ရှိသည်။ ယခင်က လိမ္မော်ရောင် ညနေဆည်းဆာအလှနှင့် နွေးထွေး လှပခဲ့သော ရန်ကုန်သည် ယခုအခါတော့ အုံ့မှိုင်းလေးလေးဖြင့် အေးမြလှသည်။

ပြတင်းပေါက်ဘောင်ပေါ်သို့ လှပစွာ ခုန်ဆင်းလာသော မိုးစက်မိုးပေါက်တို့​ကလည်း အခန်းထဲရှိ ရှိုက်ကြီးတငင် ​ငိုနေသော ကောင်ငယ်လေးကို စူးစမ်းသလို အခန်းထဲသို့ ကျူးကျော်ဝင်ရောက်ကြသည်။

'' ဟောဗျာ မချစ်ဘူးလို့များ မောင့်တိမ်တိုက်လေးကို ဘယ်သူပြောလိုက်တာလဲ ''

သည်းစွာရွာနေသော မိုးသံများကြား ချစ်ရသူ၏ မထင်မှတ်ထားသော စကားကို ကြားလိုက်ရ၍ ချက်ချင်း အငိုတိတ်သွားသော ကောင်လေးတစ်ယောက် ရှိသည်။

ထိုစဥ် အဖြူရောင်အလင်းတန်းတစ်ခု ပြက်ခနဲ လင်းသွားသည်။ တိတိကျကျဆိုလျှင် ဤသည်ကို လျှပ်စီးပြက်သည်ဟု ခေါ်သည်။

မှောင်နေသောအခန်းငယ်အတွင်း စူးစူးဝါးဝါး ရုတ်တရက် လင်းသွားတာမို့ လက်ထဲမှ အကောင်ငယ်လေးခမျာ သူ့နားနှစ်ဖက်ကို လက်ဖြင့် အတင်းဖိအုပ်ကာ မျက်လုံးစုံမှိတ်ပြီး ငုံ့ချလိုက်သည်။ သိတတ်စ ကလေးပေါက်စနလေးတွေ မိုးချိန်းလျှင် ပြုမှုသည့် ပုံစံဖြစ်နေသည်။

အသက်သာပြည့်သော်လည်း ကလေးဆန်ဆန် ပြုမှုတတ်သော သည်ကောင်လေးကို ခွန်းမတွေ့ရတာအတော်ကြာပြီဖြစ်သည်။ ပြသာနာတွေ ကောက်ရိုးမီးလို ဝုန်းခနဲ ထတက်သွားတုန်းက ဘာမှပြင်ဆင်ချိန်မရလိုက်ပေ။

ကိုယ့်ဘာသာ ဝန်ခံလိုက်သော်လည်း အခြေအနေတွေမှာ သည်လောက်ကြီးမားသွားလိမ့်မည်ဟု မထင်ထားခဲ့တာအမှန်ပေ။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးပဲ ရုတ်တရက်ဆန်သော အနေအထားများကြောင့် ဖွင့်ဟ ဝန်ခံလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် သည်လိုတွေဖြစ်လိမ့်မည်မဟုတ်။ ကိုယ်ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင် ဒဏ်ကို မခံနိုင်ခဲ့သူမို့ ချစ်ရသူကိုတောင် သေချာမကာကွယ်နိုင်ခဲ့ပေ။

ရှောင်ထွက်ပြေးခဲ့တာမျိူးမဟုတ်ပဲ အရေးမပါတဲ့အရာတွေအတွက် အချ်ိန်ကုန်မခံနိုင်ခဲ့တာပေ။ ချူချာလွန်းသူချစ်သူကိုလည်း မပင်ပန်းစေချင်တာကြောင့် ထုတ်ဖော်မပြသပဲနေခဲ့သည်။ သူလို လူတောင် သည်လောက် အခြေပျက်ခဲ့လျှင် သည်ကောင်လေးအလှည့်ကျ အဘယ်မှာခံနိုင်ရည်ရှိပါ့မလဲ ။ ပြီးတော့ တစ်စက်ကလေးမှ အသုံးမကျတဲ့ ပတ်ဝန်းကျင် ၏ အရေမရ အဖတ်မရ စကားတွေကိုလည်း တိမ်တိုက်နားထဲ မရောက်စေချင်ခဲ့ပေ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now