Episode - 19

4.6K 359 11
                                    


တက္ကသိုလ်များ၏ ဒုတိယ စာသင်နှစ်တွေ စနေပြီဖြစ်သည်။တိမ်တိုက်လည်း အလုပ်ပြန်ဆင်းနေကာ ခွန်းတို့လည်း ကျောင်းပြန်တက်နေရပြီ။

ဝသန်မိုးစက်များကြောင့် လန်းဆန်းစိမ်းစိုနေသော သစ်ပင်ပန်းမန်များကြားတွင် အဖြူအစိမ်းနှင့် ကျောင်းဆရာ ဆရာမလောင်းများကို ကျောင်းကွေ့မှတ်တိုင်ကနေ စိုက်ပျိုးရေး မှတ်တိုင် အထိ တွေ့နိုင်သလို TTC ကျောင်းမှ ဖယ်ရီကားအဝါရောင်များကလည်း မိုးစက်များအောက်တွင် စီတန်း လျက် ပြည်လမ်းတစ်လျှောက်တွေ့နိုင်ပေသည်။

ဇွန်လ ၏မိုးရာသီမှာလည်း ပီပီပြင်ပြင်ကို တာဝန်ထမ်းဆောင်နေသည်။ မနှစ်ကထက် မိုးပိုသည်းနေသလိုခံစားနေရပြီး တစ်ခုခုကို ဆုံးရှုံးသွားမှာစိုးသည့်စိတ်တွေလည်း တဖြည်းဖြည်းစိုးမိုးလာသည်။

အထူးသဖြင့် မောင့်ကိုပေါ့။

ကားဂိတ်တွင် အိမ်ပြန်ဖို့ကားစောင့်နေရင်း တိမ်ညိုတိမ်မဲများ တရိပ်ရိပ် တက်လာနေသည်။ အလုပ်က ထွက်လာတုန်းက နေပူနေ၍ ထီးကိုထားခဲ့ခြင်းဖြစ်ရာ ယခုတော့ ဘယ်အရပ်က လွင့်လာမှန်းမသိသော မိုးသားတို့က တိမ်တိုက်အား နှုတ်ဆက်လျက် ရှိသည်။ ထို့နောက်တော့ တဖြည်းဖြည်း နေအလင်းရောင်ပျောက်ကာ မှောင်ကျလာသည်။

'' ဟိတ် တိမ်တိုက် ''

ကားစီးရန် အကြွေး ရှာနေရင်း အနောက်မှ ခေါ်သံကြားလို့လှည့်ကြည့်တော့ ဒွေးမင်းခ နှင့် သူ့သူငယ်ချင်း များဖြစ်သည်။ အနောက်ကို ဆက်လှမ်းကြည့်လိုက်တော့ ခွန်းကိုတွေ့သည်။ အခုမှ ကျောင်းဆင်းလာကြတာ ဖြစ်မည်။
ရှန်မင်းရောပါသေးလားဟုကြည့်တော့ ပါမလားပေ။

'' ဪ အဒွေး။ ကျောင်းဆင်းပြီလား ''

'' အင်း တိမ်တိုက် အလုပ်က ဒီနေ့စောတယ်နော် ခါတိုင်းမတွေ့ပါဘူး ''

'' အင်း ဟုတ်တယ် နည်းနည်းစောသွားတာ ''

ပြောနေရင်း ခွန်း တိမ်တိုက်တို့နားရောက်လာကာ ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။ အခုထိ ဘယ်သူ့ကိုမှ ပြောပြမထားရသေးသည်မို့ နှစ်ယောက်လုံး အနေအထိုင် ဆင်ခြင်ရသည်။ ဒီဆက်ဆံရေးတွင် ခွန်းကသာ ဦးဆောင်သူမို့ ခွန်းသဘောအတိုင်းသာ အရာရာဖြစ်စေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now