'' ခွန်မယ့် သားကို Diazepam( အိပ်ဆေး) လေး တစ်ကဒ်လောက်ပေးပါဦး '''' မသောက်ပါနဲ့တော့လား သားရယ် ''
'' သား အိပ်ချင်လို့ပါ ''
ဒေါ်ယုယမြိုင် ပြောမရသည့်အဆုံး အံဆွဲထဲကနေဆေးတစ်ကဒ် ထုတ်ပေးလိုက်သည်။ မွေးနေ့ပြီးကတည်းက မိုးရွာပြီဆို တိမ်တိုက်က အိပ်အိပ်နေတတ်သည်။ ပထမက ရိုးရိုးအိပ်နေသည်ထင်သော်လည်း တစ်ရက် မိုးရွာချိန် အခန်းထဲကို ဖြတ်ခနဲ ကြည့်မိတော့ ဆေးတစ်လုံးသောက်ကာ စောင်ခြုံပြီး အိပ်သွားသည်ကို တွေ့လိုက်ရသည်။
မိုးရွာတိုင်း မိုးရွာတိုင်း အိပ်ဆေးသောက်ကာ အိပ်အိပ်နေတတ်သည်။ တစ်ခါတလေတစ်လုံးနှင့် အိပ်မပျော်သောအခါတွင် နှစ်လုံးသောက်လေ့ရှိသည်။ ဒါဟာ ဘယ်သူ့အမှားလဲဆိုတာ ဝေခွဲမရတော့ပေ။ မတတ်သာလို့ထွက်သွားခိုင်းရသည့် ခွန်းကိုလည်း အားနာသလို တိမ်တိုက်ကိုလည်းသနားရသည်။
အချိန်ကြာလျှင် အသားကျသွားမည်ဟုတွေးကာ စောင့်ကြည့်နေသော်လည်း ဒီတိုင်းက ဒီတိုင်းပင် ဘာမှ ထူးခြားမလာ။အောက်တိုဘာလအစတွင် တိမ်တိုက်တို့ စာမေးပွဲရှိသည်မို့ စက်တင်ဘာ တစ်လလုံးကို အလုပ်မှခွင့်ယူလိုက်သည်။တိမ်တိုက် အိမ်မှာနေသည့်အလျှောက် အိမ်ထဲကအိမ်ပြင်သိပ်မထွက်။ ရှန်မင်းလာခေါ်ရင်တောင် လိုက်ချင်မှ လိုက်တော့သည်။ အရယ်အပြုံးနည်းသွားကာ တက်တက်ကြွကြွ မရှိတော့သည်ကလွဲလျှင် ကျန်တာအားလုံးပုံမှန်ပင်။ အစားပုံမှန်စားသည်။ စာပုံမှန်ကျက်သည်။ တခါတလေ ဂီတာသွားသင်သည်။ မိုးရွာလျှင် အိပ်သည်။ နေ့စဥ် ဒါတွေကိုသာ ထပ်တလဲလဲ လုပ်နေပြီး စိတ်သေနေသော တိမ်တိုက်တစ်ယောက် ခံစားချက်မဲ့စွာ ဘဝကို ဖြတ်သန်းနေသည်။
'' ငါမှားများ မှားသွားပြီလား ''
ဒေါ်ယုယမြိုင်တစ်ယောက်တည်း ပြတင်းပေါက်ကနေ မိုးရွာနေသော အပြင်ဘက်ကိုငေးကာ တွေးနေမိသည်။ ဘာဖြစ်လာမယ်မှန်း မသိသော အနာဂတ်ကိုတွေးပူပြီး တိမ်တိုက်ရဲ့ လက်ရှိပျော်ရွှင်မှုကို ဖျက်စီးနေတာ တန်ရဲ့လားဟု ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022