Episode - 64

5.4K 330 54
                                    

ဒီဇင်ဘာ ရဲ့ ဆောင်း ဆိုတာ ရန်ကုန်မှာပဲ အသည်းခိုက်အောင်အေးလေသလား။ မနက်မိုးလင်းကတည်းက ငွေရောင်နှင်းမှုန်တွေက မြို့ကို အုပ်စိုးထားပုံများ....ကွန်ဒိုပြတင်းပေါက်ကနေ လှမ်းကြည့်တာတောင် အဖြူရောင်တွေချည်း ပိန်းပိတ်အောင် ဖုံးထားနေတော့သည်။ နေရောင်လေး ထွက်လာ၍ ထိုနှင်းမှုန်လေးတွေက နေရာဖယ်ပေးလိုက်ရတယ်ဆိုပေမယ့်..... အအေးဓာတ်ကတော့ သိသိသာသာ မလျော့သွား။

ရေနွေးတစ်ခွက်ကို ကိုင်ပြီး ဝရံတာကနေ နေရောင်၏ အထိအတွေ့ကို ခံစားနေရင်း.....အောက်ကို ငုံ့ကြည့်တော့ အနွေးထည် ထူထူတွေနှင့် လူတွေက အေးလို့ထင်သည် ကျူံ့ကျူံ့လေး နှင့် ခပ်မြန်မြန်လျှောက်နေကြသည်။ ရုတ်တရက် တိုက်ခတ်လာသော လေအေးတွေက က ဖုံးအပ်မထားသည့် အညိုရောင်မျက်နှာပေါ် တိုက်ရိုက်ကျလာသည့်အခါမှာတော့ ခွန်းတစ်ယောက် အေးခနဲဖြစ်ကာ....အခန်းထဲသို့ အမြန်ပြန်ဝင်ရသည်။

သည်လိုဆိုပြန်တော့...အေးတာကြိုက်တဲ့ကောင်လေးတစ်ယောက်တော့ ဒီရာသီဥတုမှာသာ နေရလျှင် မနှစ်တုန်းကလို နေ့တစ်ဝက်လောက်အထိ သူ့ရင်ခွင်ထဲ တိုးနေတော့မှာ အမှန်ပင်။ ဆောင်းရာသီတွေဆို တိမ်တိုက်တစ်ယောက်က တကယ် ကိုနှိုးရခက်တာပင်။ အေးအေးလေးနှင့် စောင်ခြုံထဲ အမြဲကွေးနေရတာကို ထိုလူသားလေးက ကြိုက်နှစ်သက်ပါသတဲ့လေ။ ပိတ်ရက်တွေဆို အိပ်ယာထဲက မနည်း ဆွဲထုတ်ရသည်။

လက်ထဲက ရေနွေးကိုတစ်ငုံသောက်လိုက်ပြီး စာစစ်စရာများရှိသည်မို့... သင်္ချာ အဖြေလွှာတစ်ချိူ့နှင့် မင်နီတစ်ချောင်းကိုယူကာ စားပွဲ အလွတ်ပေါ်သို့တင်လိုက်သည်။ နောက်တော့ video call ပြောရင်း ခုထိ ကင်မရာကြီးဖွင့်လျက်သားဖြင့် အိပ်ပျော်နေသော တိမ်တိုက်ကို တစ်ချက်ကြည့်လိုက်တော့ မှောက်အိပ်နေသော ကောင်လေးရဲ့ မို့ဖောင်းနေသော ပါးတစ်ဖက်က ခေါင်းအုံးနှင့်ပိနေသဖြင့် နှုတ်ခမ်းဖူးဖူးလေးဟာ နဂိုထက် အရှေ့ကိုပိုထွက်နေသည်။  ခေါင်းထိပ်မှာ အကုန်စုစည်းထားသော ကြက်တောင်စည်းလေးက လျော့တိလျော့ရဲ။

ခွန်း တစ်ချက်ပြုံးကြည့်လိုက်ပြီး မှန်တင်ခုံ ရှေ့သွားရပ်မိတော့ မှန်ထဲတွင် အနက်ရောက်ရှပ်လက်ရှည်ပေါ်မှာမှ အနက်နှင့်အဝါစပ်ကာ ချည်ထိုးထားသော Vest ကို ထပ်ဝတ်ထားသော သူ၏ ပုံစံ။ Pattern တွေ မညီမညာနှင့်ထိုးထားသော Vest လေးက အခုလို ခွန်း ကိုယ်ပေါ်ရောက်သွားတော့လည်း သူ့အလိုလိုကြည့်ကောင်းသွားတာပင်။ ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now