Chapter (71)

810 175 3
                                    

Chapter (71)
Act 9: The Secret That Cannot Be Told (5)
ငန်းပေါက်လေးရဲ့ အတွေးတွေက ခန့်မှန်းရခက်လိုက်တာ

ရှန်းချိုက် ခရီးထွက်သွားချိန်တွင်တော့ မူလက လူနှစ်ဦးအတွက် သင့်တော်နေသောအိမ်သည် ယခုအခါတွင် ဗလာသက်သက်သာ ဖြစ်နေတော့သည်။

ထန်ယီမင်၏ဘဝသည် လွန်ခဲ့သောတစ်လခွဲခန့်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။ တစ်ယောက်တည်းအစားစားရခြင်း၊ တစ်ယောက်တည်း အခန်းသန့်ရှင်းရေးလုပ်ရခြင်း... အလုပ်မှအိမ်အပြန်အလာတွင်လည်း မှောင်မဲနေသောဧည့်ခန်းကိုသာ ရင်ဆိုင်ရခြင်းတို့ပင်။

သူ ဘာမှလုပ်စရာမရှိချိန်တွင် ရုပ်ရှင်သာကြည့်နေလိုက်သည်။ ကန့်လန့်ကာကိုလျှောချလိုက်သည်နှင့်  ဧည့်ခန်းငယ်လေးသည် မှိန်ပျပျအိမ်တွင်းပြဇာတ်ရုံအသေးစားလေး ဖြစ်လာ၏။

ကြီးမားသော မျက်နှာပြင်ပေါ်တွင် အလင်းများနှင့်အရိပ်များ အထပ်ထပ်ပြောင်းလဲနေကာ အံ့ဩစရာရုပ်ရှင်ကားများကို အလှည့်ကျပြသနေသော်လည်း ထန်ယီမင်ကတော့ အမြဲတစေ အာရုံလွင့်နေသည်ပင်။

ခြေဗလာနှင့်မတ်တပ်ရပ်နေသောကောင်လေးက  သူ့ခန္ဓာကိုယ်ကို စုတ်တံအဖြစ်အသုံးပြုရင်း ကန့်လန့်ကာရှေ့တွင် အဆက်မပြတ်ပတ်လည်လှည့်ကနေကာ သက်ဝင်ပန်းချီကားတစ်ချပ်ဖန်တီးခဲ့ပုံအား သူ မတွေးဘဲမနေနိုင်ပေ။

အတောင်ပံဖြန့်ချထားသော ငွေငန်းတစ်ကောင်ကဲ့သို့ လှုပ်ရှားတိုင်းမှာ ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး ပြေပြစ်လှပပေသည်။

ထိုမြင်ကွင်းသည် ထန်ယီမင်၏စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်းစွဲထင်သွားခဲ့ပြီး သူဘာအလုပ်ပဲလုပ်နေပါစေ ကောင်လေး၏ပတ်ပတ်လည်လှည့်နေသောကိုယ်ဟန်အမူအယာကိုသာ သတိရနေမိသည်။

လွမ်းဆွတ်တမ်းတသော ခံစားချက်များက သူ့အရိုးများထဲအထိ တိုးဝင်နေသလိုပင်။

ယခုတလော ထန်ယီမင်သည် အလေ့အထအသစ်တစ်ခု ဖန်တီးနေ၏။

ရာသီဥတုခန့်မှန်းချက်များကို စတင်အာရုံစိုက်လာခဲ့ပြီး ရှန်းချိုက်၏ခရီးစဉ်အချိန်ဇယားအတိုင်း  ထိုဒေသ၏ ရာသီဥတုအခြေအနေကို အလှည့်ကျစစ်ဆေးနေတတ်သည်။ မကြာခဏဆိုသလို Weibo ကို Refresh လုပ်နေကာ ဖျော်ဖြေပွဲ၏ နေ့စဥ်ပို့စ်များ ရှိမရှိစစ်ဆေးနေတတ်ပြီး ရှန်းချိုက်စင်ပေါ်ဖျော်ဖြေချိန်တွင် ပရိသတ်မရှိသောခန်းမအလွတ်ကြီးကိုသာ မြင်ရမည်ကိုစိုးရိမ်သဖြင့် Happy Pancake ၏ တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာသို့သွား၍ လက်မှတ်ဝယ်ရန်တောင်ကြည့်ရှုခဲ့သေးသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now