Chapter (73)

852 179 8
                                    

Chapter (73)
Act 9: The Secret That Cannot be Told (7)
သူနဲ့ရှန်းချိုက်ကြားမှာလည်း ပြောမပြနိုင်သည့်လျှို့ဝှက်ချက်များ ရှိနေ၏။

ရာသီဥတုအခြေအနေကြောင့် ဟွာချောင်းသို့ဆိုက်ရောက်မည့် လေယာဉ်ခရီးစဉ်အားလုံး နှောင့်နှေးခဲ့ရသည်။

သူစီးလာသည့်လေယာဉ်သည်လည်း ဟွာချောင်းလေဆိပ်သို့ အန္တရာယ်ကင်းစွာဆင်းသက်နိုင်ရန်အတွက် ကောင်းကင်၌ အချိန်အတော်ကြာအောင် လှည့်ပတ်ပျံသန်းနေခဲ့ရ၏။

ရှန်းချိုက် ခရီးဆောင်အိတ်သေးလေးတစ်ခုဖြင့် အမြန်ထွက်လာစဥ် အနက်ရောင်ကားတစ်စီးပေါ်မှ ကားမောင်းသူမှာ သူ့နားရောက်လာပြီး အတင်းကိုကားငှားခိုင်းနေတော့သည်။ ထိုသူသည် ပုံမှန် Didi ယာဉ်မောင်းတစ်ဦး ဖြစ်သော်ငြား သူတောင်းသောစျေးနှုန်းမှာ သာမန်တက္ကစီခထက် နှစ်ဆသုံးဆလောက် ပိုများနေ၏။

"ဟေ့ကောင်လေး... သွားရအောင်!" ကားမောင်းသူသည် စေတနာဒလဟောဖြင့် ရှန်းချိုက်အိတ်ကို အတင်းဆွဲလေသည်။ ထိုသူ၌ အရပ်ရှည်ပြီး တင်းမာသောမျက်နှာအပြင် သစ်သားပုတီးစေ့ဆွဲကြိုးတစ်ကုံးကိုလည်း သူ့လည်ပင်းတွင်ဆွဲထားကာ လက်ကောက်ဝတ်တွင်လည်း သစ်ကြားသီးနှင့်ပြုလုပ်ထားသော လက်ပတ်သေးသေးကိုပတ်ထား၏။ သူ့ပုံစံမှာ အလွန်စိတ်အားထက်သန်နေပြီး အရောင်းအ၀ယ်ဖြစ်မှကိုရမည့်အနေအထားရှိသည်။ "ဈေးက ဒီလောက်မကြီးဘူးနော်၊ မင်းမယုံရင် သွားမေးကြည့်! အခုချိန် တက္ကစီစီးဖို့ဆို အနည်းဆုံးတစ်နာရီလောက်တန်းစီရဦးမယ်... ကြည့်ရတာ မင်းမှာ အရေးတကြီးကိစ္စတစ်ခုခုရှိနေတဲ့ပုံပဲ၊ လာ... အစ်ကိုကြီးကားကိုငှားလိုက်တော့!"

ဤသို့ဖြင့် ကားမောင်းသူသည် ရှန်းချိုက်အား သူ့ကားရပ်ထားရာနေရာသို့ ဆွဲခေါ်သွားလေသည်။

ထိုအချိန်တွင်ပဲ သူတို့နောက်နား၌ ယောက်ျားတစ်ယောက်အသံထွက်လာ၏။

"အစ်ကို...ကားငှားခိုင်းတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် တခြားသူရဲ့ဧည့်သည်ကိုတော့ ဒီလိုကြားဖြတ်ယူလို့မရဘူးမဟုတ်လား??" ​ထိုသို့ပြောပြီးနောက် ထန်ယီမင်သည် အနက်ရောင်ကားမောင်းသမား၏လက်ကို ဖိချလိုက်ပြီး ရှန်းချိုက်၏ခရီးဆောင်အိတ်ကို ထိုကားမောင်းသူဆီမှ တိုက်ရိုက်ပြန်လုယူသွားလေသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now