Chapter - 22 (ဖရဲသီးအတူတူစိုက်ကြမယ်/ဖရဲသီးအတူတူစိုက္ၾကမယ္)

1.7K 279 21
                                    

#unicode

နူးညံ့သည့် ပန်းဂျုံခေါင်းအုံးသို့ ပြောင်းလဲလိုက်ပြီးနောက် လော့ဖေးသည် နောက်ဆုံးတော့ ညအိပ်ချိန်မှာ သူ့လည်ပင်မနာကျင်တော့ကြောင်း ခံစားလိုက်ရသည်။

တကယ်တော့ သည်လည်း သူ့ယခင်နာကျင်မှုကစိတ်ပိုင်းဆိုင်ရာပိုများကြောင်း သိပါသည်။ နောက်ဆုံးကျ သစ်သားခေါင်းအုံးကို မူလကိုယ်က နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်လေ။ နောက်ပြီး ခန္ဓာကိုယ်က ၎င်းကို ကျင့်သားရနေပြီပင်။ သို့ပေမယ့် တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာခံစားချက်က ရုပ်ပိုင်းဆိုင်ရာခံစားချက်ထက် ပိုအရေးကြီးလိမ့်မည်သာ။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာအရ သက်တောင့်သက်သာရှိနေပါက တခြားနေရာများမှာ မည်သည့် ပြဿနာမှ ရှိတော့မည်မဟုတ်ပေ။

ယခု မည်သည့် ပြဿနာမှ မရှိတော့ပါသော လော့ဖေးတစ်ယောက် လက်တလောတွင် နေ့တိုင်းနေ့တိုင်း အလွန်ကောင်းမွန်သည့် စိတ်အခြေအနေကိုပိုင်ဆိုင်နေတော့၏။ မိုးမရွာသ၍ သူ အိပ်ရာ စောစောဝင်ပြီး စောစောထလိမ့်မည်ပင်။ အခြေခံအားဖြင့် ကြက်ဖတွန်ချိန်တွင် သူ့မျက်လုံးများကို ဖွင့်ပြီးသားဖြစ်နေလိမ့်မည်ဖြစ်ကာ တစ်နေ့တာအတွက် ပစ္စည်းများကို သပ်သပ်ရပ်ရပ်သိမ်းဆည်းလိမ့်မည်ဖြစ်သည်။ စောင်တွေခေါက်၊ အိပ်ယာကို လှည်းကျင်း၊ ချွတ်လိုက်သည့်အဝတ်များကို ရေအင်တုံဆီ ယူဆောင်မည်။ ထို့နောက် မျက်နှာသစ်ကာ မနက်စာပြင်ဆင်လိမ့်မည်ပင်။ ယခုထိတိုင် ရှီယန့်ချင်းကတော့ သူထက် အနည်းငယ်မျှပိုစောပြီးတောင် ထနေဆဲပင်။ သူနိုးပြီးနောက် အဝတ်ဝတ်ကာ ရေပင်ဖို့ အပြင်အရင်ထွက်သွားလိမ့်မည်။ မီးဖိုချောင်ထဲက ရေစည်ကို ရေဖြည့်ပြီးသွားချိန်တွင် ထင်းသွားခွဲလောက်မည်ဖြစ်ပြီး ပုံမှန်အားဖြင့် တစ်ရက်စာ နှစ်ရက်စာလောက် မီးမွှေးဖို့ လုံလောက်အောင် ထင်းခွဲလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို ဘေးနားလေးမှာ ပုံထားလိမ့်မည်သာ။

ယခုအခါ ပိုနွေးလာပြီဖြစ်ပြီး ထင်းတွေလောင်ကျွမ်းခြင်းက လုပ်နေကျလောက် မများတော့ပေ။ လေထုအပူချိန်က မြင့်တက်လာပြီဖြစ်သောကြောင့် တစ်အိမ်လုံးမှာလည်း ပူနွေးသထက် ပူနွေးလာလောက်မည်ဖြစ်သည်။ လက်တလောတွင် အခြေခံအားဖြင့် လော့ဖေးတစ်ယောက် မနက်စာချက်ပြုတ်လို့ ပြီးလောက်ချိန်ဆို သူ တခြားအပိုမီးများကို မမွှေးတော့ပေ။ သူတို့ နှစ်ရက်တစ်ခါလောက် မီးမွှေးလေ့ရှိသည့် အိမ်၏ အနောက်ဘက်ခြမ်းကို သုံးရက်မှတစ်ခါ မီးပြောင်းမွှေးတော့မည်ဖြစ်သည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now