Chapter 7.4

519 65 1
                                    

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်မှု (အပိုင်း ၄)

ကုယွင်၏ မျက်လုံးများမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။

"တော်လိုက်တဲ့ စုရန်!"

အမှန်တော့ အဲဒီလူငါးရာက အနောက်ဘက်ဝန်းက အခန်းတွေကို လုံးဝ စောင့်မနေပါဘူး။ သူက သူမတို့ လှည့်စားဖို့ လှည့်ကင်းတဲ့လူတွေကို စေလွှတ်ထားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူတို့ ခြံဝင်းထဲကို မဝင်နိုင်ခင် လူတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ သူတို့က ခြံဝင်းကိုပဲ ကာကွယ်နေတာဖြစ်ပြီး တခြားလူတွေ ခြံဝင်းကို ကျော်ဖြတ်ပြီး အတွင်းထဲသို့ မရောက်ခင် သူတို့က ဖမ်းထားနိုင်လိမ့်မည်ပင်။ ဤနည်းဖြင့် ရှေ့ဘက်မျှော်စင်နှင့် အနောက်ဘက်ကို ထူးချွန်သော စစ်သည်ကြီးများက အရှေ့နှင့် အနောက်ကို ကာကွယ်ထားခဲ့သည်။ စခန်းအတွင်းဘက်ကတော့ ကင်းလှည့်မည့်သူမရှိသော်လည်း အလုံခြုံဆုံးနှင့် တခြားသူများ လက်လှမ်းမမှီသောနေရာ ဖြစ်လာခဲ့သည်။

သူမက ‌မြေပုံကို သူမ၏သွယ်လျသောလက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်နေရင်း စုရန်၏ စရိုက်လက္ခဏာကို တွေးနေမိသည်။ ထိုလူ၏အမျော်အမြင်အရ သစ်သားသေတ္တာက ပင်မစခန်း၌ မည်သည့်အခါမျှ ရှိမည် မဟုတ်ပေ၊ ဆိုလိုသည်မှာ.... နောက်ဆုံးတွင် သူမ၏လက်ညိုးက တစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။ ကုယွင်၏ ကြောင်ကလေးလို လိမ္မာပါးနပ်သော မျက်လုံးများက ညအမှောင်အောက်တွင် တောက်ပနေပြီး လမ်ရှောင်းနှင့် ကောကျင့်ယွင်ဆီသို့ ပြန်လှည့်လာသည်။ ကုယွင်က ပြုံးနေရင်း "မင်းတို့နှစ်ယောက် ဒီကိုလာ၊ ခနနေရင် တပ်ဖွဲ့တွေကို အုပ်စုနှစ်စုခွဲမယ်။ လမ်ရှောင်း.... မင်းက ... ..."

ညက ပိုပြီး မှောင်လာနေကာ လုံးဝတိတ်ဆိတ်သောညတစ်ခု ဖြစ်နေသင့်သော်လည်း ပူပြင်းသောအနီရောင်မီးတိုင်များ၊ တိုက်ခိုက်မှု လှိုင်းလုံးများနှင့် အော်ဟစ်သံများက ယခင်အချိန်များထက် ပိုမိုပြင်းထန်လာတာကြောင့် ပိုပြီး ဆူညံနေပုံရသည်။

စုယွိက သူ့၏ဖွဲ့စည်းပုံစံကို ပြောင်းလဲလိုက်သောကြောင့် ရှေ့တန်းမှ စစ်သည်များက မျှော်စင်အောက်ခြေသို့ ရောက်နေပြီဖြစ်သည်။ မြို့စောင့်စခန်းကို သိမ်းပိုက်နိုင်ရန် နည်းလမ်းနှစ်သွယ်သာရှိပြီး တစ်ခုမှာ မြို့တံခါးကို ဖောက်ဝင်ရန်ဖြစ်ကာ နောက်တစ်ခုမှာ မြင့်မားသောတံတိုင်းကို တွယ်တက်ကာ အထက်မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ မြို့တံတိုင်းက သုံးကျန်း(ပေ၃၀ခန့်)ကျော်မြင့်ပြီး ကြိုးလှေကားဖြင့်တက်လျှင်တောင် အချိန်အများကြီးယူရလိမ့်မည်ပင်။ မြို့ရိုးကို ကာကွယ်ရန် မြှားများကို အဆင်သင့်ပြင်ထားသော မျှော်စင်ပေါ်မှ ရာနှင့် ချီသော အစောင့်များကို ထည့်မတွက်ရင်တောင် အတားအဆီးတွေ အများကြီး ရှိနေသေးသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now