Chapter 12 (2,3)

483 54 0
                                    

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၂)

စစ်စခန်း...

မနက်စောစောတွင် ရွေးချယ်ထားခဲ့သော စစ်သည်ခုနစ်ထောင်ကျော်က အဆင်သင့် တန်းစီပြီးနေပြီ ဖြစ်သည်။ ရှေ့တွင်ရပ်နေသော စုလင်း၏မျက်နှာက မည်းမှောင်နေသည်။ ကုယွင်က စစ်သည်တွေကို ခေါ်ပြီး မနက်အစောကြီး မိုးသစ်တောထဲ ဝင်သွားသည်ဟု စုရန်က သတင်းပိုခဲ့သည်။ ထိုသတင်းကြောင့် စုလင်းက အံ့အားသင့်နေခဲ့သည်။ သူမ မနေ့က ကျီးပါးစပ်ချိုင့်ဝှမ်းကို လိုက်မယ်လို့ ပြောထားတယ်လေ... တစ်ညကုန်သွားတာနဲ့ အဲ့တာကို မေ့သွားတာလား??! အဲ့ဒါက သူမရဲ့အကျင့်စရိုက်လား???

စုလင်းက ဘာအမိန့်မှ မပေးဘဲ အကြာကြီး ရပ်နေတာ‌ကြောင့် လက်ထောက်ယုက ရှေ့ကို တိုးလာပြီး ကျယ်လောင်စွာ တင်ပြလိုက်သည်။

"စစ်သေနာပတိချုပ်၊ ထွက်ခွာလို့ရပြီ"

စုလင်းက သူ့စိတ်အာရုံကို ပြန်စုလိုက်ပြီး ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။ "သွားကြရအောင်"

မေ့လိုက်တော့... သူမ မလိုက်လာရင် အကောင်းဆုံးပဲ...

"ဟုတ်ကဲ့"

လက်ထောက်ယုက စစ်တပ်ဘက်ကို မျက်နှာမူလိုက်ပြီး အမိန့်ပေးလိုက်သည်။ "ထွက်ခွာမယ်"

စနစ်တကျ သပ်ရပ်စွာ ဖွဲ့စည်းထားသော တပ်ဖွဲ့က ကျီးပါးစပ်တောင်ကြားဆီသို့ ဦးတည်သွားသည်။ ခဏအကြာတွင် ထိုနေရာလွတ်၌ အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသော မူရိနှင့် စုရန်သာ ကျန်ရစ်နေခဲ့သည်။

စုရန်က "မင်း မသွားဘူးလား"

မူရိက ပခုံးတွန့်ကာ ငြီးငွေ့နေသော အမူအရာဖြင့် ပြန်ပြောလာသည်။ "ငါ ရန်ပွဲတွေ သတ်ဖြတ်တာတွေ အများကြီး ကြုံခဲ့ဖူးပြီးပြီ၊ ကြည့်ရမှာတောင် ပျင်းနေပြီ"

"ဒါဆို မင်းက ချင်းမော့ လေ့ကျင့်တာကို သွားကြည့်ချင်တာလား"

မူရီက မျက်မှောင်ကြုတ်ကာ "အဲ့နေရာက ညစ်ပတ်တယ်၊ ငါ စိတ်မဝင်စားဘူး"

သူက တိုက်ပွဲကိုလည်း မကြည့်ချင်ဘူး... လေ့ကျင့်ရေးကိုလည်း မသွားဘူး.. အဲ့လိုလား??

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now