အပိုင်း - ၄၅ : နားလည်ရခက်တဲ့ ခံစားချက်။ (Z+U)

4.7K 793 28
                                    

Zawgyi

ရိုးဂုဏ်ဝင်သွားသည့် ဆိုင်လေးထဲသို့ ဟန်မင်းပိုင်လိုက်ဝင်လာလေ၏။ ဟောပြောပွဲကို မှီပုံမရသည်မို့ သူတို့ ပျော်ပွဲရွှင်ပွဲပါတီသို့သာ လာခဲ့ကြရသည်။

"အကုန်လုံးက ငါ့လိုလူတွေချည်းပဲ... မင်းနည်းနည်းတော့ နေရခက်မလားပဲ..."

ရိုးဂုဏ်သည် ခပ်အေးအေးဆို၏။ ဟောပြောပွဲမမှီလိုက်ခြင်းက သူ ရှည်ပြီးတော့ Lab ခန်းဝင်သည့် အမှုကြောင့်မို့ ဟန်မင်းပိုင် ပါးစပ်လေးသာ ပိတ်နေလိုက်၏။ ရိုးဂုဏ်သည် တောင့်တောင့်လေးဖြစ်နေသည့် ဟန်မင်းပိုင်ကြည့်ကာ ပြေလျော့သည့်အပြုံးတစ်ခုဖြင့်...

"မင်းကို ဘယ်သူမှ မကိုက်စားဘူး... ငါ့နားမှာပဲနေ..."

စကားဆုံးသည်နှင့် သူ့အနားကပ်လာသည့် ဟန်မင်းပိုင်ကြောင့် ရိုးဂုဏ်မှာ ရယ်ရမလို ငိုရမလို။ ကြောက်လျှင်လည်း ဘာလို့လိုက်လာသေးလဲ။

"တကယ်တော့ ဟောပြောပွဲကို ခေါ်သွားချင်တာပဲ... မင်းလည်း ဒီအကြောင်းတွေ သိအောင်လို့... ဒါပေမဲ့ Lab ခန်းဝင်တာရယ် ကားပိတ်တာရယ်ပေါင်းတာက အဆင်မပြေဖြစ်သွားတော့..."

"ရတယ်... ငါ Lab ခန်းမဝင်ရင် အဲ့လိုဖြစ်မှာ မဟုတ်ဘူး..."

"ဒါနဲ့ မင်းက ဘာလို့ ဟောပြောပွဲကို လိုက်ချင်ရတာလဲ... ငါတစ်ယောက်တည်း ဖြစ်မှာစိုးလို့?"

ရိုးဂုဏ်အမေးကို ဟန်မင်းပိုင် ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ အသံတိတ်ဖြေ၏။ ရိုးဂုဏ် ခပ်တိုးတိုးရယ်ကာ...

"ငါ တစ်ယောက်တည်း သွားနေကျပါ... မင်း စိတ်ပူစရာမလိုပါဘူး..."

"ငါဆို တစ်ယောက်တည်း သွားရလာရတာ မကြိုက်ဘူး... အမြဲတမ်း င့ါနဲ့ သူငယ်ချင်းဖြစ်ဖြစ် မိသားစုဖြစ်ဖြစ်ပါတယ်..."

"အဲ့ဒါကြောင့်ပဲ မင်း အခုလိုဖြစ်နေတာ... မင်းက ကလေးလား.. ဟမ်... ဘာမှကို မသိဘူး..."

"ဘာဆိုင်လို့လဲ... တစ်ယောက်တည်း သွားရတာ ပျင်းစရာကြီးပါကွာ..."

ရိုးဂုဏ်တစ်ယောက် ကယ်မရတော့သည့် ဟန်မင်းပိုင်ကို ခေါင်းသာယမ်းလိုက်တော့သည်။ ဒီကောင်လေးဟာ တစ်သက်လုံး အသက်ကြီးမဲ့ပုံကို မပေါ်ဘူး။ သူ့အိမ်က သူ့ကို ထာဝရကလေးတစ်ကောင်လိုများ မွေးဖို့ စိတ်ကူးထားသလား မှတ်ရ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now