အပိုင်း - ၄၇ : ခင်ဗျားကိုကျွန်တော်ပဲပိုင်တာလား? (Z+U)

5.8K 843 83
                                    

Zawgyi

"ဟန်လေး..."

ရှင်းသန့်မောင်သည် သူ့ကိုငေးစိုက်ကြည့်နေ၏။ ဟန်မင်းပိုင် မနေတတ်စွာ မျက်နှာကိုလွှဲသည်။ ဒီလူက သူ့မျက်နှာကိုကြည့်ရတာ အဲ့လောက်တောင်ပဲ သဘောကျနေတာလား။

"ဘာဖြစ်နေတာလဲ..."

အအေးပိုက်ကို သူ ကိုင်ထားရင်းမှ ရှင်းသန့်မောင်ကို မျက်လုံးလှန်ကြည့်၏။ မျက်နှာသည် သုန်မှုန်လျက်ရှိနေသည်။

"ဘာလို့ မျက်မှောင်ကြီးကြုတ်နေတာလဲ..."

မေးလာသည့် ရှင်းသန့်မောင်ကို သူ စူပုတ်ပုတ်ဖြင့်ကြည့်ကာ...

"ခင်ဗျားက လူကို စိုက်ကြည့်နေတာကိုး! မမြင်ဖူးဘူးလား ဟမ်!"

"အမ်း.. ကိုယ့်ရည်းစားအနေနဲ့ မမြင်ဖူးဘူး..."

မျက်နှာထက်မှ ရွှင်လန်းသည့်အပြုံးကြောင့် ဟန်မင်းပိုင် ပြောလိုသည့် စကားတို့မှာ လည်ချောင်းတွင် တစ်ဆို့သွားရ၏။ မျက်စောင်းကြီးသာ ထိုးပြီးနောက် သူ အအေးပိုက်ကိုသာကိုက်နေလိုက်တော့သည်။ သေချာကြည့်မည်ဆိုလျှင်တော့ ဟန်မင်းပိုင်၏ နားရွက်ဖျားလေးများသည် နီရဲနေလိမ့်မည်ကို တစ်စုံတစ်ယောက်သည် တွေ့နိုင်ပေ၏။

"ဘာ ရှက်စရာလိုလို့လဲ..."

ရှင်းသန့်မောင်တစ်ယောက် ရယ်၍သာ မေးလိုက်တော့သည်။ ဒီကောင်လေးက လွန်ခဲ့သည့်တစ်ပတ်တွင် 'ကျွန်တော် ခင်ဗျားကို ချစ်နေတာလား' ဟု သူ့ကိုမေးခွန်းထုတ်ခဲ့သည်။ ထို့နောက် သူ့ဘေးတွင် ယခုလိုရှိနေ၏။ ဒီကောင်လေးလောက် လှည့်စားရ သိမ်းသွင်းရလွယ်တဲ့သူက လောကတွင် ရှိရောရှိပါဦးမလားဟု ရှင်းသန့်မောင် တွေးမိသည်။

"ဘယ်သူက ရှက်နေလို့လဲ... ကျွန်တော် သင်တန်းရှိသေးတယ်... သွားတော့မယ်..."

သင်တန်းသည် နေ့ခင်းချိန်ဖြစ်သော်လည်း ရှင်းသန့်မောင်က သူနှင့်တွေ့ချင်ပါသည်ဆိုသဖြင့် သူ စောထွက်လာရခြင်း။

"သင်တန်းသွားမနေပါနဲ့..."

ထိုကောင်လေး၏ လက်ကလေးကို ဆွဲကာပြောချင်သော်လည်း အအေးဆိုင်ထဲတွင် လက်ဆွဲလိုက်ပါက ဟန်မင်းပိုင်တစ်ယောက် သူ့ကို ထိုနေရာတွင်ပင် ပါလာသည့် ကျောပိုးအိတ်နှင့်ကောက်ရိုက်ပေလိမ့်မည်။ ထိုင်သည်တောင်မှ မျက်နှာချင်းဆိုင်ကိုပဲ ရွေးထိုင်သည့် ထိုကောင်လေးသည် သူ့ဘေးတွင် ထိုင်ရန်အတွက် သတ္တိမရှိသေး။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now