14

4.4K 810 52
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH14 - EITHER WAY, I'D DIE

လုဖုန်းအမေဖြစ်သူမှာ တရုတ်နှစ်သစ်ကူးမတိုင်ခင် နှစ်ရက်အလိုမှာပင် သတိမေ့ကာ ကိုမာအဆင့်သို့ရောက်ရှိသွားတော့၏ ။ ဆရာဝန်ကလည်း သူမအနေနှင့် နောက်တစ်ကြိမ် ပြန်မနိုးထလာတာတော့လည်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးလေသည် ။

အမေဖြစ်သူ၏နောက်ဆုံးအခိုက်အတန့်သည် ဘယ်အချိန်ဖြစ်လိမ့်မည်ဆိုသည်ကို လုဖုန်းမသေချာရငြား လုဖုန်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာသည် သူမ,နားတွင် တစ်ချိန်လုံးရှိနေပေးခြင်းသာ ။ ထို့ကြောင့် လတ်ဆတ်သောလေရှူရှိုက်ဖို့ရန် ဆေးရုံဆောင်မှခဏထွက်သည့်အချိန်မှလွဲ၍ လုဖုန်း သူမအခန်းထဲမှ တစ်ဖဝါးမှမခွာခဲ့ ။

ထိုရက်ပိုင်းတွေအတွင်းမှာပင် လုဖုန်း ဆေးလိပ်သောက်တတ်ဖို့ရန် ကိုယ့်ကိုယ်ကိုတွန်းအားပေးနေခဲ့မိသည် ။ ကောင်းမွန်သောအလေ့အကျင့်တို့မည်သည်ကား နေ့တိုင်းမဆုတ်မနစ် မလျှော့သောဇွဲလုံ့လတို့ဖြင့် ကြိုးစားလေ့ကျင့်ရ၏ ။ သို့သော် အလေ့အကျင့်ဆိုးတို့ကား ထိုသို့မဟုတ် ။  ရင်းနှီးကျွမ်းဝင်မှုရရန် လိုအပ်သောအရာသည် မိနစ်အပိုင်းအခြားအနည်းငယ်သာ ။ မသိလျှင် ထိုအလေ့အကျင့်၌ အထုံပါရမီပါသည့် ဉာဏ်ကြီးရှင်တစ်ယောက်အလားပင် အလွယ်တကူ ရင်းနှီးတတ်ကျွမ်းသွားတတ်ကြစမြဲ ။

လုဖုန်း ဆေးလိပ်သောက်တတ်ပြီးနောက်ပိုင်း သိလိုက်ရသည်ကား စီးကရက်၏အရသာသည် လုံးလုံးကြီး ခါးသက်နေသည်မဟုတ် ဆိုသည်ကိုပင် ။  စီးကရက်မှထွက်လာသော အဖြူရောင်အခိုးအငွေ့အမျှင်အတန်းတို့ကား အဆုတ်သို့ဝင်ရောက်ကာ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ပြန်လည်ထုတ်လွှတ်ခြင်း ခံရလိမ့်မည် ။

ထိုတခဏ ခန္ဓာကိုယ်တစ်ခုလုံးသည် လောလောလတ်လတ်သောက်ထားသော Vodkaက ပျံ့နှံ့သွားသည့်နှယ် တောက်လောင်လျက် ။ အခိုးအငွေ့များ မြူမှုန်များကား သိပ်ကိုသက်တောင့်သက်သာရှိပြီး ယစ်မူးစေလှသည်။

စီးကရက်သောက်နေစဥ် ခဏဝယ် လုဖုန်းအနေနှင့် အတိတ်ပစ္စုပ္ပန်အနာဂတ်ကိစ္စများနှင့် ပတ်သက်၍ ဘာအတွေးတစ်ခုမှရှိမနေခဲ့ ။ အသက်အရွယ် ကြီးရင့်ခြင်း ၊ အိုခြင်းနာခြင်း ၊ သေခြင်းဒုက္ခများအကြောင်းကိုပါ မစဥ်းစားပဲမေ့ထားဖြစ်သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now