44- IT'S NOT LIKE I'M THE ONLY ONE FOR YOU

3.8K 721 39
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH44 - IT'S NOT LIKE I'M THE ONLY ONE FOR YOU

အစကနဦး ထိတ်လန့်သွားခြင်းက တဖြည်းဖြည်းလျော့ပါးသက်သာလာခြင်းနောက်ဝယ် ဝေ့ရှဲက မည်သို့သောမေးခွန်းမျိုးကိုမှ ထပ်မမေးတော့ ။ အတွေးထဲဝင်လာသမျှ မေးခွန်းမှန်သမျှအပေါ် မေးရန်မသင့်တော်ဟု ဝေ့ရှဲ ခံစားနေရခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထိုအဖြစ်အပျက်ပြီးနောက် ရှန်းရှောင်ရှဲတစ်ယောက် အလုပ်သို့ ရက်အတော်ကြာသည်အထိ ရောက်မလာခဲ့ ။ ရှန်းရှောင်ရှဲအား ဖုန်းခေါ်ကြည့်သောအခါတွင်လည်း သူအနေဖြင့် အမှုကိစ္စများနှင့်အလုပ်ရှုပ်နေသည်ဖြစ်၍ ခွင့်တစ်လပေးဖို့ရန် လုဖုန်းအားတောင်းဆိုလာတော့သည် ။ သို့သော် သည်တစ်ခေါက် ရှန်းရှောင်ရှဲ၏အသံက အရင်တစ်ခေါက် စစ်ကြေညာလိုက်သည့်သဖွယ် အမုန်းအာဃာတများ ယိုစိမ့်နေသည့်အသံထက်တော့ သာယာနာပျော်ဖွယ်ရှိလှပါ၏ ။ ရှန်းရှောင်ရှဲက ဝေ့ရှဲအကြောင်း ထည့်မပြောခဲ့သကဲ့သို့ ထွက်သွားဖို့ရန် ရည်ရွယ်ချက်ရှိမရှိကိုလည်း တစ်စွန်းတစ်စမျှပင် မဆိုခဲ့ချေ ။

စစ်ဆေးကြားနာမှု စတင်မည့်ရက်ကို လုဖုန်းမေးလိုက်သောအခါ လာမည့်နှစ်ပတ်အတွင်းဖြစ်ကြောင်း ရှန်းရှောင်ရှဲကပြန်ပြောလာခဲ့၏ ။ လုဖုန်း ရက်များကိုတွက်ချက်ကြည့်လိုက်ပြီး ကြားနာစစ်ဆေးမှုအတွင်း သူပါအတူရှိနေမည်ဖြစ်ကြောင်း အသိပေးလိုက်လေသည် ။

ရှန်းရှောင်ရှဲကား လုဖုန်းကို နောက်ထပ်တစ်ကြိမ် ထပ်မံကျေးဇူးတင်စကားဆိုလာပြီးနောက် အသံတိုးတိမ်တိမ်ဖြင့်ပင်

"ဖုန်းကော ၊ အကို့ကို ဒီလိုအဆင်မပြေဖြစ်အောင်လုပ်မိတာ ကျွန်တော်တကယ် တောင်းပန်ပါတယ်"

"မင်း အခု ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာလဲ ? ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်စရာအကြောင်းမရှိဘူး "

အရာအားလုံးကို တစ်ယောက်တည်းပုခုံးထမ်းထားရသည်မှာ ရှန်းရှောင်ရှဲအတွက် မလွယ်ကူလှကြောင်း လုဖုန်းသိပေသည် ။ ထို့ကြောင့် ဤစကားကိုလည်း ထပ်ပေါင်းပြောဖြစ်ခဲ့သေး၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now