31- THIS WAS HIS KINGDOM

4.5K 801 65
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH 31 - THIS WAS HIS KINGDOM

လုဖုန်း ပန်းကန်ထဲရှိ ဆန်ပြုတ်အချို့ကိုခပ်စားရင်း ရှန့်မင်အော်အား လှမ်းကြည့်မိသည် ။

ရှန့်မင်အော်ကား ဝတ်စုံပြည့်ဝတ်ဆင်ထားခဲ့ပြီး ခပ်ကောင်းကောင်းနာရီတစ်လုံးကိုလည်း လက်၌ပတ်ထားခဲ့သေး၏ ။ နက်ကတိုင်ကိုလည်း သပ်သပ်ရပ်ရပ်ချည်ထားလျက် ရှန့်မင်အော်ကား မကြာမီအချိန်တွင် အိမ်မှထွက်ခွာသွားတော့မည့်သူတစ်ယောက်နှယ် ။

လုဖုန်း ရှန့်မင်အော်ကို အလွန်လျှော့တွက်ခဲ့ခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။ အစပထမ လုဖုန်းထင်ထားခဲ့သည်မှာ ရှန့်မင်အော်တစ်ယောက် အလုပ်ပြန်မတက်ခင် ခြေထောက်အရောင်ကျအောင်တော့ စောင့်ဆိုင်းလိမ့်ဦးမည်ဟူ၍ ။ သို့သော် ရှန့်မင်အော်၏ခေါင်းထဲ၌ အနားယူခြင်းဟူသည့် အကြောင်းအရာကို ဘယ်သောအခါမှတွေးလိမ့်မည်မဟုတ်ဆိုသည်ကို မည်သူကထင်ထားခဲ့မည်နည်း ?

တွေးကြည့်လိုက်ပြန်လျှင်လည်း အဓိပ္ပာယ်တော့ရှိပေသည် ။ ဤကဲ့သို့မှ မနားမနေ မကြိုးစားခဲ့လျှင် ရှန့်မင်အော်တစ်ယောက် အဘယ်သို့ အောင်မြင်မှု၏စံနမူနာပြယုဒ်တစ်ခုဖြစ်လာအံ့နည်း ? ထိုဂုဏ်ပုဒ်ကို ရရှိဖို့ရန်လည်း ရှန့်မင်အော်တစ်ယောက် သူ့ကိုယ်သူ အကြင်နာတရား ,နှလုံးသားကင်းမဲ့စွာ ဆက်ဆံခဲ့လောက်သည် ။

အတွေးရထားကြီးပြီးဆုံးပြီးနောက် လုဖုန်းနှိုင်းယှဥ်ကာပင် မှတ်ချက်ချမိသည် ။ သူ့ကို ရှန့်မင်အော် ဆက်ဆံခဲ့ပုံက အတော်အသင့်ကောင်းသေးသည် ။

"ဆန်ပြုတ်ချည်းပဲ စားမနေနဲ့ ၊ တစ်ခြားဟင်းတွေလည်း မြည်းကြည့်ဦး "

နူးညံ့လှသော ကြက်ဥကြော်တစ်ချပ်ကို တူဖြင့်ညှပ်ကာ ရှန့်မင်အော်၏ပန်းကန်လုံးထဲသို့ လုဖုန်းလှမ်းထည့်ပေးလိုက်သည် ။

ရှန့်မင်အော်၏အိမ်ရှိ ရေခဲသေတ္တာမှာ တစ်ခါမှအသုံးမပြုရသေးသည့်နှယ် သန့်ရှင်းတောက်ပြောင်နေပြီးလျှင် ရှန့်မင်အော်၏နေထိုင်မှုဘဝကိုပါ အတိုဆုံးနှင့်အရှင်းဆုံးဖော်ပြထားသည်ဟုပင် ပြော၍ရသည် ။ ရေခဲသေတ္တာကိုဖွင့်လိုက်စဥ်အခါက လုဖုန်း ကိုယ့်ကိုယ်ကို ဂယောင်ချောက်ချားဖြစ်နေသလားဟုပင် ထင်ခဲ့မိသေး၏ ။ အစတည်းက ရေခဲသေတ္တာကို အသုံးမပြုဆိုလျှင် ရှန့်မင်အော်တစ်ယောက်အဘယ်ကြောင့် ဝယ်ခဲ့ရသနည်း ? အိမ်တွင်းအလှဆင်ရန်အတွက်ပေလား ?

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now