48 - I GIVE UP

4.6K 876 134
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH48 -I GIVE UP

လုဖုန်း ထိုအနားသို့တိုးကပ်ကာ စကားလုံးများထက် လက်ချောင်းများဖြင့် စမ်းကြည့်မိသည် ။ အတန်ငယ်မျှသော ကြမ်းထော်ထော်အထိအတွေ့က ဤသည်မှာ အဓိပ္ပာယ်မရှိသောအိပ်မက်တစ်ခုမဟုတ်ကြောင်း လုဖုန်းအားလက်ခံယုံကြည်စေလေသည် ။

အချို့သော စာရွက်များကို နံရံပေါ်တွင်ကပ်ထားခဲ့ပြီး မာတောင့်တောင့်ကြွတ်ဆတ်ဆတ်နှင့် စာရွက်များမှာ ရှေးကလူ့အသုံးအဆောင်ပစ္စည်းများနှင့်ပင် ဆင်တူနေသေး၏ ။ အောက်ခြေတွင် လုဖုန်း၏နာမည်ကိုရေးထိုးထားသော ထိုစာရွက်များကို လုဖုန်းအတော်လေး ရင်းနှီးနေခဲ့သည် ။

ထိုစာရွက်များအားလုံးကား လွန်ခဲ့သည့်ဆယ်နှစ်တာလုံး ရှန့်မင်အော်ထံ လုဖုန်းရေးခဲ့သောစာများသာ ။ ထိုစာများကို မဖတ်ဖြစ်ဟု ရှန့်မင်အော်ကပြောခဲ့၏ ။ ထိုစာအားလုံးကို လွှင့်ပစ်လိုက်ပြီဟု ရှန့်မင်အော်ကပြောခဲ့၏ ။ သို့သော် ထိုစာရွက်များအားလုံးကို ဤနေရာ၌ သိမ်းထားခဲ့လေသည် ။

"ဒါက....တစ်ချက်တောင်မကြည့်ဘဲ ၊ အကုန်လုံးကို လွှင့်ပစ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်တဲ့လား ?"

လုဖုန်း အခန်းအလယ် မတ်တပ်ရပ်ကာ တစ်ခန်းလုံးကို လှည့်ပတ်ကြည့်ရှုနေမိသည်။ စိတ်ထဲဗလာဟင်းလင်းဖြစ်နေမှုမှာ ဝမ်းသာပီတိခံစားမှုက အစားထိုးလာမှုအောက်ဝယ် တစ်ဖြည်းဖြည်း လွင့်ပယ်ပပျောက်သွားရလေပြီ။

"...ကျွန်တော် အခုကစပြီး အကို့ရဲ့ လှည့်စားတတ်တဲ့စကားလုံးတွေကို ထပ်မယုံတော့ဘူး "

မိမိ၏အကြောင်းအရာများနှင့်ပြည့်လျှမ်းနေသော အနုပညာလက်ရာတစ်ခုကို ကြည့်ရှုနေရသကဲ့သို့ လုဖုန်းအခန်းပတ်ပတ်လည်ကို အပြန်ပြန်အလှန်လှန်ကြည့်မိတော့သည် ။ အစက လုဖုန်းမတ်တပ်ရပ်နေခဲ့ပြီးနောက် ဆောင့်ကြောင့်ထိုင်ချမိ၏ ။ ထို့နောက် ကြမ်းပြင်ပေါ်ရိုးရိုးရှင်းရှင်း သည်တိုင်းထိုင်ချလိုက်ကာ ထိုအရာများဆီမှ အကြည့်မခွာနိုင်အောင်ဖြစ်နေရ၏ ။ ထိုအချင်းအရာက လျိုရွဲ့ဆီမှ ဖုန်းမလာခင်အထိပေ ။ လျိုရွဲ့က လုဖုန်းကို ဒီနေ့အလုပ်တက်မတက်မေးလာခဲ့ချိန်မှာပင် အချိန်နှစ်နာရီမျှ ကုန်လွန်သွားပြီဖြစ်ကြောင်း အံ့အားသင့်စွာသိလိုက်ရတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now