Extra (2)

11.3K 1.3K 116
                                    

Unicode

ယခု ရက်ပိုင်း ကောင်းကင်ဘုံတွင် ပြဿနာတို့၏ အငွေ့အသက် ကင်းစင်ကာ ရာသီဥတုသည်လည်း တိမ်ညိုတိမ်မှောင်တို့ အုပ်စိုင်းခြင်း မရှိသော ပြာလွင်လွင် ကောင်းကင်နှယ် ကြည်လင်လို့နေသည်။

နတ်ဘုရားအပေါင်းသည်လည်း စိတ်လက်ချမ်းသာစွာဖြင့် ၎င်းတို့၏ နေ့ရက်များကို ဖြတ်သန်းနေရသည်။

အကြောင်းကား ပြဿနာနတ်ဘုရားဖုန်ဟွေ့တစ်ယောက် အလုပ်ရှုပ်နေသောကြောင့်ပင်။

ဇာမဏီများအရှင် တစ်ဖြစ်လဲ ဖုန်ဟွေ့သည် ၎င်း၏ အထူးအကဲ ဝါသနာပါသော အရာဖြစ်သည့် သူတစ်ပါးအား စိတ်အနှောင့်အယှက် ဖြစ်အောင် ပြဿနာရှာခြင်းကိုပင် အချိန်မပေးနိုင်တော့ချေ။ ကောင်းကင်ဘုံ၌ ပျောက်ချင်းမလှ ပျောက်လို့နေသည်။

နတ်ဘုရားတို့သည် ၎င်းတို့၏ အချစ်တော်ကြီး ပြဿနာမရှာတော့သည့်အခါ ၎င်းတို့ပင် ငြိမ်းချမ်းသည်ဟု အောက်မေ့၍ စစချင်း၌ တစ်လုံးတစ်ပါဒမျှ မဟကြပေ။

သို့သော် တစ်ရက်မှသည် တစ်ပတ်၊ တစ်ပတ်မှသည် တစ်လပြည့်လုလု ဖြစ်လာသောအခါ ၎င်းတို့ခမျာ မနေတတ်၊ မထိုင်တတ် ရှိလှသည် ဖြစ်၍ တွေ့ဆုံလျှင် အချင်းချင်း မေးငေါ့၊ မျက်ရိပ်ပြကာ ပျောက်ချက်သားကောင်းနေသော ဇာမဏီနတ်ဘုရားအကြောင်း တီးတိုး၊တီတိုး ပြောဆိုကြသည်။

မည်သူမှတော့ ဖုန်ဟွေ့ တစ်ယောက် အလုပ်များနေသည့် ကိစ္စကို အတိအကျမသိချေ။

၎င်းတို့ တပ်အပ်ပြောနိုင်သည့် ကိစ္စတစ်ခုကား ဖုန်ဟွေ့အလုပ်များနေသည်က ကောင်းကင်ဘုံက ခိုင်းစေသော အလုပ်တာဝန် ထမ်းဆောင်နေခြင်း မဟုတ်ဆိုသည်ပင်။

ဟုတ်သည်လေ။ ဖုန်ဟွေ့က မည်သည့်အခါက ဧကရာဇ်၏ စကားနားထောင်ဖူးပါသနည်း။ သူ့အကြောင်းနှင့်သူ အလုပ်များနေခြင်းသာ ဖြစ်တန်ရာသည်။

ဖုန်ဟွေ့ကို မတွေ့မမြင်ရသော်လည်း နတ်ဘုရားတို့ကား ၎င်းတို့စုဝေးကြသော ကောင်းကင်ဘုံ အစည်းအဝေး၌ တိုက်ရိုက်တော့ စကားမစကြပေ။

၎င်းတို့အနေဖြင့် သိလိုစိတ်၊ပြင်းပြင်းပြပြ ရှိသော်လည်း စကားစမိသူက ဖုန်ဟွေ့ကို အောက်မေ့နေသူဟု ကောက်ချက်ချခံရမည် ဖြစ်ရာ မည်သူမှတော့ ထိုသို့ အထင်မခံလိုပေ။

Legendary Phoenix [Complete]Where stories live. Discover now