Chapter 4

42.3K 6.8K 784
                                    

Zawgyi

အိပ်မက်နတ်ဘုရားဟွားဝူချင်သည် တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် အစည်းအဝေးခန်းမဆောင်သို့ တစ်လှမ်းချင်းဝင်လာသည်။ ဟွားဝူချင်ယူလိုက်သော နေရာမှာ ဖုန်ဟွေ့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။

"ဒီနေ့ အကုန်လုံးလည်းသိကြတဲ့အတိုင်းပဲ...အနီရောင်ပင်လယ်အော်မှာ ရေမိစ္ဆာတွေသောင်းကျန်းနေတယ်ဆိုတာကို''
ဧကရာဇ်ကျင်းထောင်က အရင်ဆုံး စတင်ပြောသည်။

"မှန်တယ် အရှင် ရေမိစ္ဆာတွေသောင်းကျန်းလွန်းလို့ အနီးအနား ကျွန်းက လူတွေ၊ငါးဖမ်းသမားတွေဘယ်မှ မသွားရဲလို့ ကောင်းကင်ဘုံကို ဆုတောင်းစာတွေပို့ပြီး တိုင်တည်ကြတယ်''
နေနတ်သား ဟန်ယုက ဝင်ပြောသည်။သူသည် ကောင်းကင်ဘုံတွင် ဧကရာဇ်ပြီးလျှင် ကိုးကွယ်သက်ဝင်သူ အများဆုံးဖြစ်သည့်အတွက် သူ့ဆီသို့ ဆုတောင်းစာအများအပြား ရောက်သည်မှာ မဆန်းပေ။

ကျန်နတ်ဘုရားများကလည်း တစ်ယောက်စီ ဖြစ်စဉ်ကို လျှောက်တင်ကြသည်။

"ကောင်းပြီ...ကိစ္စက ကြီးကျယ်နေမှတော့ ပိုမဆိုးအောင် ကိုယ်တော်တို့ ကောင်းကင်ဘုံက နတ်ဘုရား တစ်ပါးကို စေလွှတ်ပြီး ခိုင်းစေရမှာပဲ''
ဧကရာဇ် က မှတ်ချက်ပြုလေသည်။

"အရှင်...နတ်ဘုရားတစ်ပါးသွားပြီး ဖြေရှင်းဖို့က မခက်ပေမယ့် အနီရောင်ပင်လယ်အော်က တောင်ပင်လယ်နဂါးကြီး ရဲ့ ပိုင်နက်ပါ။ အရှင်သိတဲ့အတိုင်းပဲ သူက ကောင်းကင်ဘုံနတ်ဘုရားတွေ သူ့ပိုင်နက်ထဲကို နေရာပြောင်းဂါထာရွတ်ပြီး မလာနိုင်အောင် ဟန့်တားထားမှတော့ ကျွန်တော်တို့ သူပိုင်နက်ကို ဘယ်လို ဖြတ်ကျော်မလဲ''
မိုးနတ်သားက ဝင်ရောက် ပြောဆိုလေသည်။

"မိုးနတ်သား ပြောတာမှန်တယ်အရှင်...နတ်ဘုရားအစွမ်းနဲ့တော့ သူ့ပိုင်နက်ထဲမကျော်ဖြတ်နိုင်ဘူး။ ဒါပေမယ့် ကောင်းကင်က သာ ပျံသန်းပြီး သွားမယ်ဆိုရင် ဖြစ်နိုင်လောက်တယ် အရှင်''
လနတ်သမီး ရှင်းယွီက သူမ၏ အကြံအစည်ကို ထုတ်ဖော်ပြောလေသည်။

ဧကရာဇ်ကျင်းထောင်စဉ်စားရလေသည်။ အနီရောင်ပင်လယ်အော်ကို ရောက်ရန် မိုင်ထောင်ချီသော ပင်လယ်ရေပြင်ကို ဖြတ်ကျော်ရမည်။ ဆိုလိုသည်က ပျံသန်းလျှင်လည်း မရက်မနား ရက်ပေါင်းများစွာပျံသန်းရမည်။ လူ့လောကမှ ကျင့်ကြံသူများကဲ့သို့ ဓားပျံများသုံးခြင်းသည်လည်း စွမ်းအားကုန်သည့်အတွက် အနီရောင်ပင်လယ်အော်သို့ရောက်လျှင် နတ်ဘုရားတို့ ခမျာ ရေမိစ္ဆာကို နှိမ်နင်းရန် စွမ်းအားပင်ကျန်မည်မထင်။

Legendary Phoenix [Complete]Where stories live. Discover now