Chapter 25

31.9K 5.2K 480
                                    

Unicode

ဖုန်ဟွေ့သည် ခန်းမဆောင်ထဲက ထွက်လာသောအခါ သူ၏ ချောမောခံ့ညားသော အသွင်အပြင်ကို ဟန်မပျက်အောင် ထိန်းထားနိုင်သော်လည်း စိတ်ဓာတ်ကျဆင်းနေသည့်အဖြစ်ကိုကား ကွယ်ဝှက်ထားနိုင်ပေ။ ဆန္ဒအတိုင်းသာဆိုလျှင် ဟွားဝူချင်၏ နန်းဆောင်သို့ အပြေးသွားမိလိမ့်မည်။

ယခုတွင်လည်း သူ၏ ခြေထောက်တို့က လွန်ဆွဲသည်။ ဟွားဝူချင်၏ အဆောင်သို့ သွားသည့်လမ်းနှင့် သူ၏ အဆောင်သို့ ပြန်သည့် လမ်းမှာ ဆန့်ကျင်ဘက်တွင် ရှိနေသည်။ သူ၏စိတ်အခြေအနေကို ပို၍ ဆိုးစေသည်မှာ ဟွားဝူချင်က သူလာမည်ကို မနှစ်သက်လျှင် ဆိုသော အတွေးဖြစ်သည်။

ဖုန်ဟွေ့၏ စိတ်အခြေအနေမကောင်းသောကြောင့် သူ၏ ငွေရောင်ချူလုံးများပင် အသံမမြည်နိုင်။ ဖုန်ဟွေ့သည် ၎င်းတို့ကို အလှတပ်ထားသည်မှန်သော်လည်း သူ၏ စိတ်ခြေအနေကို ချူလုံးတို့က တစ်နည်းတစ်ဖုံဖြင့် ဖော်ပြတတ်သည်။ ဖုန်ဟွေ့ပျော်နေသည့်အချိန်၌ သာမန်ထက် ဆူညံစွာ မြည်ပြီး ယခုလို အချိန်မျိုးတွင် အသံပင် မထွက်တော့ချေ။ 

"ဟူး....''

သူယနေ့အတွက် ဘယ်နှစ်ခါမြောက်မှန်းမသိသော သက်ပြင်းမောကို ချလိုက်သည်။ နောက်ဆုံးတွင် နန်းဆောင်သို့ ပြန်ရန်သာ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး လှည့်ထွက်လာသည်။

သူလှည့်အထွက်တွင် သူနှင့် ဆန့်ကျင်ဘက်ကို ဦးတည်သွားနေသည့် နတ်သူငယ်လေးတစ်ယောက်နှင့် ဝင်တိုက်မိသည်။ ထိုနတ်သူငယ်လေးက ဖုန်ဟွေ့ရုတ်ချည်း လှည့်လာမည်ဟု မထင်သောကြောင့် ဖြတ်သွားခြင်း ဖြစ်သည်။ သူ၏ လက်ထဲတွင် သေတ္တာကြီး တစ်လုံးရှိလေသည်။

ဖုန်ဟွေ့နှင့် ဝင်တိုက်မိသောကြောင့် နတ်သူငယ်လေး လဲသွားသည်။ တစ်လက်စတည်း သူသည် ယနေ့သည် ကောင်းကင်ဘုံ၌ မိုးကြိုးပစ်ခံရသည့်နေဟု ထင်မှတ်မိလိုက်သည်။ ဝင်တိုက်မိသူက ဇာမဏီနတ်ဘုရားပင်။

"အရှင်...တောင်းပန်ပါတယ်။ ကျွန်တော်မျိုးမမြင်လို့''

ခါတိုင်းဆိုလျှင် ဖုန်ဟွေ့သည် အနှီနတ်သူငယ်လေးကို တစ်ဘဝလုံး မေ့မရမည့် ခြောက်လှန့်မှုများပေးမည်ဖြစ်သည်။ သို့သော် ယခုမူကား သူ ထိုသို့သော စိတ်အခြေအနေမရှိ။

Legendary Phoenix [Complete]Where stories live. Discover now