Chapter 94

22.4K 4.1K 652
                                    

Unicode

ယမမင်း၏ စကားကြောင့် ဖုန်ဟွေ့တစ်ယောက် နေရာ၌ လဲကျချင်မတတ်ဖြစ်သွားသည်။

"နှစ်တစ်ရာ''

နှစ်တစ်ရာမပြောနှင့် ဆယ်နှစ်ဆိုလျှင်ပင် သူနှလုံးသားအက်ကွဲ၍ ချက်ချင်းပြာဖြစ်သွားနိုင်သည်။

ဖုန်ဟွေ့၏ မျက်နှာ သိသာစွာ ပျက်ယွင်းသွားသည်ကို မြင်သော် ယန်ဝမ်တစ်ယောက် နှစ်ထောင်းအားရဖြစ်စွာ ပြုံးလေသည်။ သူသည် တစ်သက်တာ၌ ဤမျှ နှလုံးပီတိဂွမ်းဆီထိရသည့် အခိုက်အတန့် မကြုံဖူးသည့်နှယ်။

"ငါဖြစ်စေချင်တာပြောတာ။ စာအုပ်မှာမပါဘူး''

ဖုန်ဟွေ့တစ်ယောက် သူ၏ နှလုံးသားကို လေပေါ်ကိုင်မြှောက်လိုက် ဆွဲချခံလိုက်ရလိုက် ထပ်ပြီး မြှောက်ခံရလိုက်နှယ် ခံစားနေရသည်။

ယခုလည်း ယမမင်းက နှစ်တစ်ရာက အမှန်တကယ်စောင့်စားရမည့်အချိန်မဟုတ်ဘဲ သူစောင့်ဆိုင်းရမည့်အချိန်ဟု ပြောနေသည်။

" ဘာလဲ? မင်းငါ့ကို ဒီလောက်စိတ်အနှောင့်အယှက်ပေးထားတာ။ ငါမင်းကို နည်းနည်းလေး အနှောင့်အယှက်ပြန်ပေးလို့ မရဘူးလား ''

ယမမင်းကား ကောင်းကောင်းကြီး လက်စားချေနေတော့သည်။

ဖုန်ဟွေ့ ပြန်၍ မဖြေနိုင်ပေ။ သူ၏ ရင်ထဲ မွန်းကျပ်၍သာ နေသည်။ သည်အချိန်လောက်ဆို အိပ်မက်လေး သူ၏ ဝိညာဥ်ကို လိုက်ရှာနေလောက်မည်။

"အဟမ်း...ကိုယ်တော်အတည်ပြောမယ်''

ယမမင်းကား ချက်ချင်းပင် တရားမျှတမှုကို ဆောင်ကြည်းပေးသည့် မြေအောက်လောကတရားခွင်၏ ခုံသမာဓိလူကြီးပမာ တည်ကြည်သွားသည်။

"မင်းကို နတ်ဘုရားအဖြစ်ပြန်လည်ဝင်စားဖို့ ခွင့်ပြုတာမှန်တယ်။ ဒါပေမဲ့ မောင်မင်းအနေနဲ့ နတ်ဘုရားအဖြစ်ရောက်အောင် ပြန်လည်ကျင့်ကြံဖို့ လိုတယ်။ ပထမအကြိမ်ကလောက် မခဲယဥ်းတော့ပေမဲ့ ရိုးရိုးသာမန် ဝိညာဥ်ဘဝကနေ နတ်ဘုရားအဖြစ်ရောက်ဖို့က အချိန်ယူရမယ် ''

ယမမင်းပြောသည်ကို ဖုန်ဟွေ့ နားလည်သွားသည်။ မြေအောက်လောကက ကံကြမ္မာ၏ စီရင်ချက်ကို ချမှတ်နိုင်သည်။ ကျန်သည်က သူ့အပိုင်းပင်။

Legendary Phoenix [Complete]Where stories live. Discover now