Extra (5)

9.7K 1.2K 30
                                    

အိပ်မက်နတ်ဘုရားတစ်ယောက် အနည်းငယ်တော့ စိတ်လှုပ်ရှားလာလေပြီ။ မင်္ဂလာပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည် မဟုတ်ပါလော။ ဖုန်ဟွေ့က အခုထိ ရောက်မလာသေးချေ။

"ဖုန်ဟွေ့ မင်းတကယ်ပဲ ဘယ်ရောက်နေလဲ''

အရေးကြီးဆုံး အခိုက်အတန့်၌ တူနှစ်ကိုယ်၊ ယှဥ်အတွဲ၊ အမြဲမခွဲသည့် ချစ်ရသူက အနားထံပါး၌ မရှိသောအခါ လွမ်းဆွတ်တမ်းတရသလို ၊ တစ်ဖက်မှာလည်း ပူပင်မှုတို့ အိပ်မက်နတ်ဘုရားလေး၌ တဖြည်းဖြည်း ကြီးစိုးလာရတော့သည်။

မည်သို့နေနေ မလွန်ဆန်နိုင်သော သဘာဝတရားကြောင့် မီးတောင်တွင်း သက်ဆင်းရသူ ချစ်ရသူနောက်ပင် လိုက်ပါသွားခဲ့ဖူးသူဆိုတော့ စိတ်မရှည်၊ လက်မရှည် ခံစားလာရကာ ကောက်ကောက်ပါ လိုက်သွားချင်မိတော့သည်။

ဖုန်ဟွေ့ကား တောင်ပင်လယ်ဥယျာဥ်၌ ပြဿနာအသေးစားလေးတစ်ခု တက်၍နေသည်။ သူသည် ရွှေပိုးတောင်မာတို့ထံမှ လုံလောက်သော ပိုးမျှင် ရပြီးသည် ဖြစ်သော်လည်း ၎င်းတို့အား မူရင်းနေရပ်ဆီ ပြန်ပို့ရန် ခက်ခဲနေချေသည်။

လောင်ဟွမ်က ဖုန်ဟွေ့ ပြန်တော့မည်ဖြစ်သောကြောင့် သူ၏ ဥယျာဥ်တော်အား ပြန်လည်ရယူရန် လှမ်းဝင်လာခဲ့သည်။

တောက်ပနက်ရှိုင်းသော ဆံနွယ်တို့ကို မြှင့်မြောက်ကာ ထုံးထားပြီး အဖိုးမြတ် ရတနာတို့ဖြင့် စီရင်သော ဆံထိုးကို အသေရေရှိစွာ ဆင်မြန်းထားသော နဂါးမင်းသည် စိမ်းညို့ရောင် ဝတ်ရုံတော်ဖြင့် ခံ့ညားတည်ကြည်လျက်။

"မင်းမသွားသေးဘူးလား''

အစ်ကိုတော်က ရောက်မဆိုက် မေးလာလေရာ ဖုန်ဟွေ့ ပြန်ဖြေရသည်။

"ဒါတွေ ပြန်ပို့ရဦးမယ်၊ ကျွန်တော် အချိန်မရှိဘူး''

ဖုန်ဟွေ့ကား အရေးကြီးနေပြီဖြစ်ရာ ခါတိုင်းလိုပင် ရွှင်မြူးနောက်ပြောင်နိုင်ခြင်း မရှိဘဲ မျက်နှာမသာမယာ ဖြစ်နေသည်။

လောင်ဟွမ်မှာမူ ညီဖြစ်သူကို အကဲခတ်မိပြီး အ​ခြေအနေကို ရိပ်စားမိသောကြောင့် သက်ပြင်းသဲ့သဲ့ ချလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now