Extra (4)

9.7K 1.3K 69
                                    

ဟွားဝူချင်တစ်ယောက် သူ၏ မဆိုစလောက်လေး ကံခေမှုကို အနည်းငယ်တော့ အလိုမကျ ဖြစ်ရသည်။

အကြောင်းကား စာကြည့်တိုက်တွင် အခမ်းအနားတို့နှင့်ဆိုင်သော အစဥ်အလာများအကြောင်း အမျိုးမျိုးရေးသားထားကြရာ သူရှာနေသည့် လက်ထပ်မင်္ဂလာပွဲဆိုသည်က နောက်ဆုံးမှ ရှာတွေ့သည်။

အနည်းငယ် ဘဝင်မကျ ဖြစ်သွားရသော်လည်း ရှာ၍ တွေ့သည်ကိုပင် တော်သည်ဟု အောက်မေ့ရမည်။

စာအုပ်ကား ဟွားဝူချင် လုံးဝထင်မထားသော ခပ်ပါးပါးစာအုပ်လေး ဖြစ်နေသည်။ သူက လက်ထပ်မင်္ဂလာပွဲဆိုလျှင် များပြားသော အစဥ်အလာများကို လိုက်နာရမည်ဟု အောက်မေ့နေရာ ယခုလို ပါးပါးလေး မြင်လိုက်တော့ အံ့သြသွားရသည်။

ကောင်းကင်ဘုံက စာကြည့်တိုက်တွင် စာအုပ်များကို ဖွင့်ဖတ်ရန် မတူညီသော နည်းလမ်းများ လိုအပ်သည်ဖြစ်လေရာ ယခုတစ်အုပ်တွင်တော့ လက်ထပ် မင်္ဂလာ ကျင်းပတော့မည့် သူများသာ ဖတ်ရှုရန် ဆိုပြီး စာလုံးခပ်စောင်းစောင်းဖြင့် ရေးသားထားလေသည်။

ဟွားဝူချင်ကား သူ သေချာပေါက် လက်ထပ်တော့မည် ဖြစ်၍ စာအုပ်က ပွင့်မည်ကို သိသော်လည်း ဘေးဘီကို ဝေ့ကြည့်ရသေးသည်။ မတော်တဆ နတ်ဘုရားတစ်ပါးပါးက တွေ့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မည်သူမျှ မရှိမှ ဟွားဝူချင် စိတ်ချလက်ချ ဖွင့်ရဲလေသည်။ ဟွားဝူချင်မှာ ယခုထိ သူလက်ထပ်မည့် သတင်းကို တစ်ပါးသူကို မသိစေချင်သေး။

"ကောင်းကင်ဘုံက မင်္ဂလာပွဲများတွင် ထူးခြားသော အလေ့အထတစ်ရပ်ရှိသည်''

ဟွားဝူချင်မှာ ပထမဆုံး စာသားဖြင့်ပင် စိတ်ဝင်စားသွားပြီး သေချာအာရုံစိုက် ဖတ်ရှုလေသည်။

" ၎င်းအစဥ်အလာကား သတို့သားက ၎င်း၏ မင်္ဂလာမောင်နှံအတွက် ထူးခြားလေးနက်သော ဝတ်စားဆင်ယင်မှု အဆောင်အယောင်တစ်မျိုးမျိုးကို လက်ဆောင် အဖြစ် ပေးအပ်ရမည် ဖြစ်သည်။

Legendary Phoenix [Complete]Where stories live. Discover now