Extra (6)

9.4K 1.1K 27
                                    

ကောင်းကင်ဘုံ တစ်ခုလုံး ခြိမ့်ခြိမ့်သဲ စည်ကားနေသည်။

အထူးထူးသော နတ်ဘုရားတို့မှာ တောက်ပသစ်လွင်သော အဆင်တန်ဆာ၊ ဝတ်ရုံတို့ကို ဆင်မြန်း၍ ကြွရောက်လာကြသည်။ ၎င်းတို့ အားလုံး စုဝေးနေသည်က ကောင်းကင်ဘုံ၏ ကြီးကျယ်ခမ်းနားသော ခန်းမဆောင်ကြီးပင်။

ယခင် အပတ်များက နတ်ဘုရားအပေါင်းတို့ ဖုန်ဟွေ့ကို မတွေ့ရသည့်အတွက် ပဟေဠိ ဖြစ်ခဲ့ကြသော်လည်း ယခုမူကား ၎င်းတို့အတွက် ရှင်းလင်းသော အဖြေက ထင်းလင်းလို့ သွားသည်။ ထို ပဟေဠိအတွက် သူတို့မှာ မေးရလည်းခက်၊ မမေးပြန်ရင်လည်း သိလိုနေရာ အလွန်ပင် ဘေးကျပ်နံကျပ် ဖြစ်ခဲ့သည် မဟုတ်ပါလော။

ဖုန်ဟွေ့ အလုပ်များနေသည်က သူမင်္ဂလာဆောင်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ သတင်းကြားလိုက်ရသောအခါ အကုန်လုံး အံ့သြသွားကြသည်က အမှန်ပင်။ သူတို့ကား ကောင်းကင်ဘုံ၌ ဖုန်ဟွေ့ကို ကြည်ဖြူစွာ လက်ခံမည့်သူ ပေါ်လာလိမ့်မည်ဟု မထင်ခဲ့ပေ။

ဖုန်ဟွေ့နှင့် လက်ထပ်မည့်သူကို သိရသောအခါ ၎င်းတို့ ပိုလို့တောင် အံ့သြသွားကြရသည်။

ဖုန်ဟွေ့နှင့် လက်ထပ်မည့်သူကား ကောင်းကင်ဘုံ၏ အအေးချမ်း၊ ဆိတ်ငြိမ်ဆုံး နတ်ဘုရားဟု သတ်မှတ်ရမည့် အိပ်မက်နတ်ဘုရားပင်။ ထိုနတ်ဘုရား၏ လျှို့ဝှက်မှုက အမှန်တကယ်ပင် ပြောစမှတ်ပြုစရာဖြစ်ပြီး ၎င်းအဆောင်သို့ ရောက်ဖူးသူနတ်ဘုရားကိုပင် လက်ချိုးရေ၍ရမည်။

အိပ်မက်နတ်ဘုရားနှင့် ဖုန်ဟွေ့ အမြဲတတွဲတွဲ ရင်းနှီးသည့်အတိုင်းအ​တာ ရှိသည်ဟု သိရှိထားကြသော်လည်း လက်ထပ်သည်အထိ ရင်းနှီးသော အတိုင်းအတာဟု ၎င်းတို့ သိမထားကြပေ။

ပြဿနာရှာခြင်းအမှု၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သော နတ်ဘုရားနှင့် ပြဿနာတို့နှင့် အကင်းရှင်းဆုံးသော နတ်ဘုရားတို့၏ မင်္ဂလာပွဲမှာ ကောင်းကင်ဘုံ၌ အလွန်ပင် ထူးခြားနေသည် မဟုတ်ပါလော။

ဖုန်ဟွေ့ စိတ်လှုပ်ရှားနေသည်။

သူသည် ဇာမဏီနန်းဆောင်သို့ ပြန်ရောက်နေသည်မှာ ရက်ပိုင်းခန့် ရှိပြီ ဖြစ်သည်။ သည်ရက်အတောအတွင်း အိပ်မက်လေးနှင့် တွေ့ခွင့်မရပေ။

Legendary Phoenix [Complete]Where stories live. Discover now