Chapter 93

22.5K 4.1K 1K
                                    

Unicode

နေနတ်သား ပြန်သွားပြီး အချိန်မှစ၍ ဟွားဝူချင် သူ၏ စိတ်ကို သူပြင်ဆင်လိုက်လေသည်။

အနည်းဆုံးတော့ ဖုန်ဟွေ့ ဤလောကကြီးမှ အပြီးအပိုင် ပျောက်ကွယ်မသွားပေ။

ချစ်ရသူ၏ ဝိညာဥ်ကို သူရှာဖွေမည်။

ဟွားဝူချင်သည် ဧကရာဇ်၏ ဥယျာဥ်တော်မှ ဇာမဏီများထံသွားရောက်ပြီး ထိုအထဲမှ တစ်ကောင်ကို ရွေးချယ်လိုက်လေသည်။ ခရီးက မည်မျှကြာ၍ ၊ မည်မျှအကွာအဝေးအထိ ရှိမည် မသိ။ သို့ကြောင့် နတ်ဘုရားစွမ်းအင်သုံး၍ ပျံသန်းခြင်းထက် ဇာမဏီများဖြင့် ပျံသန်းခြင်းက ပို၍ ထိရောက်မည်။

ဟွားဝူချင် ရွေးချယ်လိုက်သည့် ဇာမဏီသည် ဖုန်ဟွေ့ သူနှင့်အတူ သဲသောင်ပြင်သို့ စီးနင်းလာသည့် ဇာမဏီဖြစ်သည်။

ဟွားဝူချင် ဇာမဏီကို ခေါ်ဆောင်ပြီး ဥယျာဥ်တော်မှ ထွက်ရန် ခြေလှမ်းလှမ်းခိုက်...

"ဂီး...''

စူးရှသော ဇာမဏီငှက်သံ ထပ်မံပေါ်ထွက်လာပြန်သည်။

ရွှေရောင်ဇာမဏီများသည် တောင်ပံတဖြတ်ဖြတ်ခတ်၍ ဟွားဝူချင်၏ အနားသို့ ဝိုင်းလာကြ၏။

ဟွားဝူချင် ဆွံ့အသွားသည်။

ခေတ္တခန့် ဇာမဏီများ၏ အမူအရာနှင့် လှုပ်ရှားမှုတို့ကို ကြည့်ကာ သူ နားလည်သွားသည်။

"မင်းတို့ပါလိုက်ချင်တာလား?''

ဤသည်က ဟွားဝူချင် နားလည်သည့် အတိုင်းပင်။

ဟွားဝူချင် သူတို့၏ သခင်အား သွားရှာမည်ကို ၎င်းတို့ သိနေသည်လားမပြောတတ်။

"ကောင်းပြီ လိုက်ခဲ့''

အခြားသူများကို အနားပင်အကပ်မခံသော်လည်း ဇာမဏီများသည် သခင်အတိုင်းပင် အိပ်မက်နတ်ဘုရားစကားကိုမူ တသွေမတိမ်းနားထောင်ကြ၏။

ဤသို့ဖြင့် ဟွားဝူချင်နှင့် ဇာမဏီများသည် ကောင်းကင်ပြင်မှ ခရီးနှင်လာခဲ့သည်။

၎င်းတို့ အရင်ဆုံးသွားသည်က တောင်ပင်လယ်နန်းတော်ပင်။ ဟွားဝူချင်သည် ဧကရာဇ်၏ ယူဆချက် သတင်းစကားကို နဂါးမင်းအား အသိပေးလိုသေး၏။ ထို့အပြင် ဖုန်ဟွေ့၏ နှစ်ဘဝတိုင်တိုင် အစ်ကိုတော်စပ်ခဲ့သူသည် သူ၏ ညီတော်အကြောင်း ကောင်းစွာ သိရာ ဟွားဝူချင်အတွက် သဲလွန်စတစ်စုံတစ်ရာကို ပေးနိုင်ကောင်း၏။

Legendary Phoenix [Complete]Where stories live. Discover now