Chapter 83

18.3K 3.5K 130
                                    

Unicode

ဖုန်ဟွေ့သည် ကျိုးဖုန်းမြို့က တစ်နေရာဆီသို့ ဦးတည်သွားနေသည်။ သူသည် နတ်ဘုရားအဖြစ်သို့ မရောက်မီ ဝိညာဥ်လူငယ်ဘဝနှင့် ဤမြို့သို့ ရောက်ဖူးသည့် အတွက် အချို့နေရာတို့ကို မှတ်မိလေသည်။

သူဦးတည်သွားနေသည်က
ယခင်ကအဲ့မုန့်ကျီးရှန်း၏ ဝိညာဥ်မဲ့နန်းတော် ရှိခဲ့သော နေရာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အဲ့မုန့်ကျီးရှန်းသည် အခြားသော ကိစ္စများကို အကောင်အထည်မပေါ်မီ ၎င်းကိုယ်တိုင် ပုံရိပ်ယောင်ကမ္ဘာမှ ရုန်းထွက်ရန် ကြိုးပမ်းပေလိမ့်မည်။ အကယ်၍ ပုံရိပ်ယောင်ကမ္ဘာသာ ပျောက်သွားပါက ဝိညာဥ်မဲ့နန်းတော်သည် ဤနေရာ၌ ပြန်ပေါ်လာချေလိမ့်မည်။ ထိုသို့ တွက်ဆကာ ဖုန်ဟွေ့ လာခဲ့ခြင်း ဖြစ်သည်။

ဝိညာဥ်မဲ့နန်းတော်တည်ရှိသောနေရာသည် မြို့တွင်းရှိ အခြားသော နေရာများနှင့် မတူဘဲ လူသူကင်းမဲ့ကာ ခြောက်ခြားဖွယ်ကောင်းနေသည်။ မမြင်ရသော လွင့်မျော ဝိညာဥ်တို့၏ အငွေ့အသက်သည် ပတ်ဝန်းကျင်၌ ပျံ့နှံ့နေသည်။

ဖုန်ဟွေ့သည် အတတ်နိုင်ဆုံး စိတ်ကို ထိန်းချုပ်ထားရသော်လည်း ဟွားဝူချင်အတွက် သူအလွန်အမင်း ပူပန်နေပြီ ဖြစ်သည်။

"ဟူး...''

လူသူကင်းမဲ့ ဆိတ်ငြိမ်နေသော လွင်ပြင်က ဇာမဏီနတ်ဘုရားကို လှောင်ပြောင်နေသကဲ့သို့ ရှိသည်။ ဖုန်ဟွေ့သည် ရပ်စောင့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာလည်း မရှိချေ။

အိပ်မက်ကမ္ဘာကို အသက်သွင်းနေသော အဲ့မုန့်ကျီးရှန်းသည် ၎င်း၏အရှေ့၌ ပေါ်လာသော ပုံရိပ်တစ်ရိပ်ကြောင့် နှုတ်ခမ်းများကို ကွေးညွတ်သွားအောင် ပြုံးလိုက်သည်။

"မင်း...ရောက်လာပြီလား''

ဝိညာဥ်မဲ့ခန်းမထဲ၌ အဲ့မုန့်ကျီးရှန်းနှင့် ဟွားဝူချင်သာ ရှိသည်။

အဲ့မုန့်ကျီးရှန်းသည် သူဖမ်းချုပ်ထားသော ဝိညာဥ်အားလုံးကို သူစွမ်းအားကြီးမားလာစေရန်အတွက် အသုံးချကာ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

ဟွားဝူချင်က အဲ့မုန့်ကျီးရှန်းကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းတို့၌ ဝေခွဲမရသော အရိပ်အယောင်များ ပေါ်နေသည်။ သူ၏ ဦးခေါင်းတစ်ခုလုံး နောက်ကျိကာ မည်သည့်အရာကိုမှ မမှတ်မိချေ။ ယုတ်စွအဆုံး သူ့ကိုယ်သူပင် မသိချေ။ သည်အတိုင်း သူ၏ စိတ်တွင်း၌ အရာအားလုံးကို ဖျက်ဆီးပစ်လိုသော စိတ်ရိုင်းများကိန်းအောင်းနေသည်ကိုသာ သိလေသည်။

Legendary Phoenix [Complete]Where stories live. Discover now