Chapter - 5

43.9K 6.3K 175
                                    

Zawgyi

ကောင်းကင်ဘုံရှိ နတ်ဘုရားတို့သည် မိမိတို့၏ တန်ခိုး အစွမ်းများနှင့် ပတ်သက်၍ အမြဲတစေ ကြွားဝါးလိုကြသူများ ဖြစ်ကြသည်။

ထို့ကြောင့် အဘိုးကြီး ပိုင်ချင်၏ ကောင်းကင်ဘုံ စာကြည့်တိုက်တွင် နတ်ဘုရားတို့၏ အစွမ်းတို့နှင့် ပတ်သက်၍ တိကျစွာ ဖော်ပြထားသော စာအုပ်တို့ရှိချေသည်။ ထိုစာအုပ်တို့တွင် အစွမ်းသတ္တိနှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိသည့် နတ်ဘုရား နှစ်ပါးလည်း ရှိချေသည်။

ထိုနတ်ဘုရားတို့ကား ဇာမဏီနတ်ဘုရား ဖုန်ဟွေ့ နှင့် အိပ်မက်နတ်ဘုရား ဟွားဝူချင်တို့ ဖြစ်ကြသည်။

ဖုန်ဟွေ့သည် အမြဲတစေကြွားဝါပြီး နတ်ဘုရားများကို ရန်စလေ့ရှိသော်လည်း သူ၏ အစွမ်းသတ္တိတို့နှင့် ပတ်သက်၍ မူကား မည်သူ့မျှ မပြောပဲ လျှို့ဝှက်ထားလေ့ရှိသည်။

ထင်ရှားသော ဥပမာအနေဖြင့် ဖုန်ဟွေ့သည် သူကိုယ်တိုင်လည်း ဇာမဏီငှက်အသွင် ပြောင်းနိုင်ကြောင်းကို မနေ့တနေ့က ကောင်းကင်ဘုံ အစည်းအဝေးတွင်မှ ထုတ်ဖော်ပြောခဲ့သည်။ အစည်းအဝေးသာ ဖုန်ဟွေ့ မတက်ပါက အနှီကိစ္စသည် ကောင်းကင်ဘုံတွင် မည်သူမျှ မသိလိုက်ရသော လျှို့ဝှက်ချက်ဖြစ်သွားနိုင်သည်။

ဖုန်ဟွေ့၏ ခံနိုင်စွမ်းကိုလည်း သူ အိပ်မက်နတ်ဘုရား၏ နန်းဆောင်ရှေ့တွင် မတ်တပ်ရပ်ပြီး အပြစ်ခံသည့် အချိန်မှ သိရသည်။ သာမန်နတ်ဘုရားတို့ တစ်ရက်ပင် တောင့်မခံနိုင်ချိန် ဖုန်ဟွေ့က ခုနှစ်ရက်တိုင်တိုင် စွမ်းအင်တို့ စုပ်ယူခံခဲ့သည်။

သို့ကြောင့် ကောင်းကင်ဘုံ၏ ပြသာနာအိုး ဖုန်ဟွေ့မည်မျှ စွမ်းကြောင်း မည်သည့်နတ်ဘုရား မျှ မသိကြချေ။

ကောင်းကင်ဘုံက နတ်ဘုရားများသည် တစ်ယောက်နှင့် တစ်ယောက် အမြဲပြိုင်ဆိုင်နေပြီး အမျိုးမျိုးသော ဘွဲ့ထူးတို့ပေးတတ်ကြသည်။

အိပ်မက်နတ်ဘုရားဟွားဝူချင် ရထားသည်က အလျှို့ဝှက်ဆုံးသော နတ်ဘုရား ဟူသော အမည်နာမပင် ဖြစ်သည်။

ဟွားဝူချင်သည် အမှန်တကယ်လည်း လျှို့ဝှက်စွာ နေတတ်သော နတ်ဘုရားဖြစ်သည်။ သူ၏ မျက်နှာကို အဖြူရောင် မျက်နှာဖုံးတစ်ခု ဖုံးအုပ်ထားပြီး အမြဲတစေ နှင်းပွင့်လို ဖြူသော ဝတ်ရုံကိုသာ ဆင်မြန်းတတ်သည်။ ဧကရာဇ် အစည်းအဝေးခေါ်သောအချိန်မှ နန်းဆောင်က ထွက်လာတတ်သည်။ ဖုန်ဟွေ့ နှင့် တူသည့်အချက်မှာ သူ၏ နန်းဆောင်တွင်လည်း အမှုထမ်းသည့် နတ်သူငယ်တို့ မရှိချေ။

Legendary Phoenix [Complete]Where stories live. Discover now