Chapter 68

24.1K 4.4K 604
                                    

{Unicode}

ဖုန်ဟွေ့၏ ချက်ကျလက်ကျ တုံ့ပြန်မှုကြောင့် အဘိုးကြီးပိုင်ချင်လည်း ထပ်၍ စောဒကမတက်နိုင်ပေ။

ဧကရာဇ်ကမူ အနှီကိစ္စက ထိုသို့ အဆုံးသတ်မည်ဟု သိရှိထားသူဖြစ်ရာ အံ့သြခြင်း မရှိချေ။ သို့ကြောင့် လောကသုံးပါးအကြီးအကဲ စည်းဝေးပွဲတွင် ကောင်းကင်ဘုံကိုယ်စားပြု ၎င်းနှင့် ဇာမဏီနတ်ဘုရားတက်ရောက်မည်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

"ကိုယ်တော် နောက်ထပ် အရေးကြီးကိစ္စတစ်ခုပြောဖို့ရှိတယ်''
ဧကရာဇ်ကျင်းထောင်၏ စကားသံကြောင့် နတ်ဘုရားအပေါင်း၏ ပြန့်ကျဲနေသော အာရုံများ ပြန်လည် စုစည်းလာသည်။

"အိပ်မက်နတ်ဆိုးနဲ့ပတ်သက်ပြီး လူ့လောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်၊ အိပ်မက်နတ်ဆိုးက လူသားတွေရဲ့ ဝိညာဥ်ကို ပြုစားပြီး ဝိညာဥ်မဲ့နန်းတော်ထဲမှာ ဖမ်းထားတယ်ဆိုတာကိုလည်း ကိုယ်တော် အတည်ပြုပြီးပြီ''

နတ်ဘုရားတို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားချေသည်။ ၎င်းတို့အတွက် အိပ်မက်နတ်ဆိုးဟူသည် ကြောက်စရာအကောင်းဆုံးသော အမည်နာမပင်။

"အိပ်မက်နတ်ဆို! အဲ့မုန့်ကျီးရှန်းလား?''

"သူမသေသေးဘူးပေါ့''

"အဲ့မုန့်ကျီးရှန်းက လူသားတွေကို ဖမ်းစားနေတယ်''

ညီလာခံတစ်ခုလုံး ဆူညံသွားပြီးမှ ပြန်လည်တိတ်ဆိတ်သွားလေသည်။ အကုန်လုံး၏ ရင်ထဲတွင် စိုးရိမ်စိတ်တို့ ကြီးစိုးလာကာ အတွေးများဖြင့် ပြည့်နှက်လာသောကြောင့် ဖြစ်သည်။

"အဲ့မုန့်ကျီးရှန်းက အခု ပြင်ပလောကကို ရောက်မလာနိုင်သေးဘူး၊ ဒါကြောင့် ဒီကိစ္စကို ပိုပြီး ကြီးမားမလာခင် ဖြေရှင်းရမယ်''

ဧကရာဇ်က သူ၏ စကားစကို ခေတ္တရပ်လိုက်သည်။

"မကြာမီ လောကသုံးပါးအကြီးအကဲ စည်းဝေးပွဲကလည်း ရှိတော့ အဲ့မုန့်ကျီးရှန်းရဲ့ သတင်းအစအနကို လိုက်ဖို့ ကိုယ်တော် နေနတ်သားဟန်ယုနဲ့ မိုးနတ်သား ကျင်းဖန်ကို တာဝန်ပေးချင်တယ်။''

နေနတ်သားဟန်ယုသည် ကနဦးကတည်းက ဧကရာဇ်သည် သူ့ကို အဲ့မုန့်ကျီးရှန်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို စုံစမ်းခိုင်းစေခဲ့သည့်အတွက် ထိုသို့ တာဝန်ပေးလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည်။ ကျင်းဖန်မှာကား အစ်ကိုဟန်ယု၏ တာဝန်သည် သူ့တာဝန် ဖြစ်သောကြောင့် ကောင်းစွာနာခံလေသည်။

Legendary Phoenix [Complete]Where stories live. Discover now