Chapter 24

31.9K 5K 437
                                    

Unicode

ခမ်းနားကြီးကျယ်သော အနီရောင်ဇာမဏီနန်းဆောင်ကြီးရှေ့၌ ယုန်အုပ်တစ်အုပ် ယောင်လည်လည် လုပ်နေချေသည်။ ၎င်းတို့သည် ဖုန်ဟွေ့၏ နန်းဆောင်နီးချင်း လနတ်သမီးအဆောင်က ယုန်လေးများဖြစ်ကြသည်။

ထိုယုန်အုပ်ယောင်လည်လည်လုပ်နေရသည့်အကြောင်းရင်းကား သည်ရက်ပိုင်း ဖုန်ဟွေ့ ငြိမ်ချက်သား ကောင်းနေသောကြောင့်ပင်။ ခါတိုင်းဆိုလျှင် ဖုန်ဟွေ့နှင့် သူတို့ စိန်ပြေးလိုက်တမ်းကစားလေ့ရှိကြသည်။ ဖုန်ဟွေ့၏ ချူသံတချွင်ချွင် ကြားလျှင် သူတို့ဆော့ကစားနေရာမှ ရပ်ကာ ပြေးပုန်းရသည်မှာ အလုပ်ကြီးတစ်ခု ဖြစ်သည်။ ယခုသူတို့ ထိုအလုပ်လုပ်စရာမရှိတော့ပါ။

အနှီဇာမဏီနတ်ဘုရားသည် ၎င်း၏ နန်းဆောင်က မထွက်သည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့် ရှိတော့မည်။ ခါတိုင်းဆိုလျှင် အရောင်တောက်တောက်ဝတ်ရုံတို့ကို ဆင်မြန်းကာ ကောင်းကင်ဘုံက နတ်ဘုရားများကို ရန်စလေ့ရှိသည့် ဖုန်ဟွေ့သည် ယခု အလွန်အမင်းခြေငြိမ်နေချေသည်။ မည်မျှထိ ငြိမ်သည်ဆိုရသော် ၎င်း၏ နန်းဆောင်တွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။

သို့ကြောင့် စပ်စုသော ယုန်ဖြူဖြူတစ်အုပ်က နန်းဆောင်ရှေ့တွင် ယောင်လည်လည်လုပ်နေခြင်း ဖြစ်သည်။

ဖုန်ဟွေ့၏ တိတ်ဆိတ်နေမှုကြီးက ကောင်းကင်ဘုံတွင် သတင်းထူးကြီး ဖြစ်နေသည်။ နတ်ဘုရားတို့က အမျိုးမျိုးသော ထင်မြင်ချက်များ ပေးကြသည်။ အဖြစ်နိုင်ဆုံးသော ကောက်ချက်ချမှုကား ဖုန်ဟွေ့သည် ၎င်း၏ ဇာမဏီများ ပျောက်ဆုံးနေခြင်းကြောင့် စိတ်ထိခိုက်ကာ တိတ်ဆိတ်နေခြင်း ဖြစ်သည်ဟုပင်။

ကောင်းကင်ဘုံ ဧကရာဇ်မှာမူ ဖုန်ဟွေ့အတွက် ခေါင်းအကြီးအကျယ် စားနေရချေသည်။ ယခုထိ ဇာမဏီများနှင့် ပတ်သက်၍ သတင်းအစအနပင်မရသေးချေ။ ထို့အပြင် ဖုန်ဟွေ့၏ ယခုလို ငြိမ်သက်နေမှုက သူ့ကို ပို၍ ခြောက်ခြားစေသည်။

သို့ကြောင့် နတ်သူငယ်နှစ်ယောက်ကို ဖုန်ဟွေ့၏ အဆောင်သို့ စေလွှတ်ပြီး ဖုန်ဟွေ့ကို အခေါ်ရှိလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now