(15)......Uni+Zg

345 36 6
                                    

  “ ကိုယ့်အပိုင်လို့သတ်မှတ်ထားတဲ့ မြတ်နိုးရာတွေကို ထိခိုက်လာရင် ဘယ်ပုထုဇဥ်လူသားကများ ခွင့်လွှတ်ပေးတဲ့ထုံးစံရှိလို့လဲ ”
#ဆောင်းညဦး

**************************

ရက်သတ္တပတ်နှစ်ပတ်ခန့်လွန်သွားတဲ့နောက် ပိုးနုရွှေခက်ကျောင်းပြန်တက်ရသည်။ သူကြုံတွေ့နေရတဲ့ လောကကြီးက ထင်ထားတာထက် လက်တွေ့ဆန်နေတာကို ယူရီရယ်မျက်မြင်ကြုံရလေပြီ။ ပုံမှန်အတိုင်းကျောင်းပြန်တက်နေသည့် ပိုးနုရွှေခက်နှင့် ကျောင်းပြောင်းသွားရသည့် ဇူးဇူးဆိုသည့် ကောင်မလေးရဲ့ ဇာတ်လမ်း စလယ်ဆုံးကို သူသဘောပေါက်ပါသော်ငြား ထိုဇာတ်လမ်း၏ အဆုံးသတ်ကိုတော့ဖြင့် ပိုမို သဘောပေါက်ခဲ့လေပြီ။ လောကကြီးမှာ အသက်ရှင်ဖို့ အင်အားကြီးရမယ်တဲ့လား။

အစ်ကိုဆောင်းညဦးနှင့် ပိုးနုရွှေခက်က အဖေတူမအေကွဲဆိုတာကို သိပြီးသည့် သူတို့ကျောင်းမှ ကျောင်းသူကျောင်းသားများမှာတော့ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြဆဲဖြစ်သည်။ ကျောင်း၏ အလိမ္မာတုံးလေး လူရည်ချွန်လေး ဆောင်းညဦးနှင့် တကျောင်းလုံးကို ဘယ်သူ့မှဂရုမစိုက်ဘဲ ပြဿနာရှာတတ်သော အမွှေစိန်လေး ပိုးနုရွှေခက်တို့သည် မည်သို့မျှ လက်ခံနိုင်စရာမရှိသော မောင်နှမတွေဖြစ်သည်။ စရိုက်ချင်းကွာခြားသလို အမူအကျင့်ကလည်း ကွာခြားလွန်းသည်ဟု အများက ဝေဖန်ကြသည်။

သို့သည်တိုင် ပိုးနုရွှေခက်တို့ ကံဇာတာမြင့်နေသေးကြောင်းကိုတော့ ယူရီရယ်တို့ လက်တွေ့သိမြင်နေရပါပြီ။ ဥပမာ အရင်က မျက်နှာကြောမတည့်ခဲ့သော အတန်းဖော်မိန်းကလေးများနှင့်တကွ သူတို့ထက်ကြီးသော အထက်တန်းက အစ်မကြီးများမှာ ယခင်ထက် ပိုမိုသော ခင်မင်မှုများဖြင့် ပိုးနုရွှေခက်ကို ချည်းကပ်လာသောကြောင့်ဖြစ်သည်။ ယင်းတို့က ပိုးပိုးကိုတွေ့လေတိုင်း သို့မဟုတ် မတွေ့တွေ့အောင် အကြောင်းဖန်လာပြီးတိုင်း  ယခုလိုစကားစကြသည်။

“ဟယ် ဆောင်းည ညီမလေးတော့ ညီမလေး မုန့်လာဝယ်တာလား ချောင်းဆိုးတာတွေမစားနဲ့နော် ဂရုစိုက်”

ကန္တာရချယ်ရီ(BL)Where stories live. Discover now