(27)......Uni+Zg

266 39 9
                                    

အဖြူရောင်စာအိတ်ကလေးကို ခဲတံချွန်ထားဖြင့် ဂရုတစိုက် ဖွင့်လိုက်ပြီး အထဲက စာအခေါက်လေးကို အသာအယာထုတ်ယူလိုက်သည်။ ဒါဟာ သုံးစောင်မြောက် စာလက်ခံရရှိခြင်းဖြစ်သည်။ စက္ကူဖြူဖြူလေးပေါ်မှာရေးထားသည့် မှင်အပြာရောင်တို့သည် ညီညာဝိုင်းစက်နေသော လက်ရေးတို့ကို အတိုင်းသားပေါ်လွင်စေသည်။ စာကြည့်မီးအိမ်ကို အနည်းငယ် ငိုက်ချလိုက်ပြီး သူစာလုံးတစ်လုံးချင်းစီတိုင်းကို သေချာဖတ်နေမိသည်။

ချစ်လှစွာသော အစ်ကိုဆောင်းညရေ

ရိုးရာမပျက် နှုတ်ဆက်စာက သူ့ကို ဤသို့ရည်ညွှန်းသည်။ ဒီကလေးက သင်ရိုးညွှန်းတမ်းမှ အသုံးအနှုန်းတို့ကို ဘာသာပြန်အာဘော်မိအောင် ရေးထားသလားမသိ။ စာအဖွင့်မှာဆို “ချစ်လှစွာသောအစ်ကို”ဟုရေးသလို အဆုံးသတ်မှာလည်း ”ချစ်ခြင်းများစွာဖြင့်” ဟုဆိုကာ နာမည်လေးရေးပေးတတ်သည်။ ဆောင်းည ထိုကောင်လေးထံမှ ရသည့် ပထမစာစောင်ဆိုလျှင် ထိုအထူးအဆန်းစာစုတို့ကို မနည်းရင်းနှီးအောင် ကြိုးစားလိုက်ရသည်။ ပြီးရင်တော့ နေ့စဥ်မှတ်တမ်းကဲ့သို့ စုံလင်လှသော တလတာ အကြောင်းအရာများကို သူစတင်ဖတ်နိုင်ပြီဖြစ်သည်။

ဒီနေ့လေ ကျွန်တော်စာစီစာကုံးပြိုင်ပွဲအတွက် ရွေးချယ်ခံရတယ်။ တမြို့နယ်လုံးစာပြိုင်ရမှာဆိုတော့ နည်းနည်းစိတ်ပူခဲ့ပေမယ့် ကျွန်တော်လုပ်နိုင်မယ်ဆိုတာ ယုံတယ်။ အစ်ကိုပြောသလိုပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရင် အရာအားလုံး ဖြစ်လာနိုင်တယ်မဟုတ်လား။  ပြီးတော့ အစ်ကို ကျွန်တော် ဘင်ခရာလေ့ကျင့်ဖို့လည်း အချိန်မှန်သွားတယ်။ အစ်ကိုပြောလို့ လေ့ကျင့်ချိန်နောက်ကျရင် တစ်ယောက်ထဲမပြန်တော့ဘူး ။ အိုင်ဗန်က စောင့်ပေးပါတယ်။ သူလည်း ပိုးပိုးက တိုက်တွန်းလို့ ဘတ်စကတ်ဘောအသင်းထဲပါမယ်တဲ့။ ဒီလိုဆိုကျွန်တော်တို့နှစ်ယောက်လုံး သွားအတူလာအတူ အဖော်ရသွားပြီမို့ အစ်ကို စိတ်ပူစရာမလိုတော့ပါဘူး။ နောက်တခု ကြွားစရာရှိတယ်အစ်ကို ဂေဟာက ကျွန်တော်စိုက်ထားတဲ့ ဒေလီယာပန်းတွေပွင့်တော့မယ်။ ပွင့်လာခဲ့ရင် အစ်ကိုဆယ်တန်းကို အမှတ်ကောင်းကောင်း ဂုဏ်ထူးများများနဲ့ အောင်ဖို့ ရည်စူးပြီး ဘုရားပန်းလှူပေးမယ်။ ကျွန်တော်မလုပ်တတ်ဘူးဆိုပေမယ့် ပိုးပိုးကိုဖြစ်ဖြစ် အန်တီဆရာမကို ဖြစ်ဖြစ် အကူအညီတောင်းလိုက်မယ်။ အဲ့လိုမဟုတ်ရင်တောင် ညတိုင်း အစ်ကို့အတွက် ဘုရားသခင်ဆီမှာ  ဆုတောင်းပေးနေပါတယ်…

ကန္တာရချယ်ရီ(BL)Where stories live. Discover now