ဆောင်တော်ကူးပန်းခက်ဖွေးဖွေးတွေကို လက်ထဲထည့်ပေးလိုက်တော့ အစ်ကိုက အားရဝမ်းသာပြုံးပြရှာသည်။
“ကျေးဇူးပါ ယူရီရယ် အများကြီးပဲယူလာပေးတာ အစ်ကိုက တခက်နှစ်ခက်ဆိုရပါတယ်”
“ကျွန်တော်လည်း ခူးရင်းနဲ့ လှလို့ ထပ်ပြီး ထပ်ပြီး ခူးမိသွားတာ ဆရာမတွေပေးလို့လည်းရတာပဲ ဒါနဲ့ အစ်ကိုက ဘာလို့ ဒီပန်းယူလာခိုင်းရတာလဲ ”
“ဆောင်တော်ကူးပန်းတွေက အမြဲမပွင့်ဘူးလေ ဒီဇင်ဘာရောက်မှ တခါနှစ်ခါလောက်ပဲ ပွင့်တာ ရှားလွန်းတယ် အဲ့တာကြောင့် လမ်းကြုံလို့တောင်းတာ”
“နောက်ရက်တွေပွင့်ရင် ခူးလာပေးမလို့ဟာ ”
“အဖူးလက်ကျန်ရှိရင်တော့ ပွင့်မှာပေါ့”
“ရော့ တဝက်ခွဲယူသွားလေ ဆရာမတွေပေးလိုက် အော် ပိုးပိုးလည်းကြိုက်တယ် နည်းနည်းပေးလိုက်ပါဦး ”
“ဟုတ်ကဲ့ ဒါနဲ့ အစ်ကိုကရော ဆရာမတွေကိုပေးဖို့လား ”
“မဟုတ်ဘူး အစ်ကိုက…”
“ဆောင်းညရေ ဆောင်တော်ကူးပန်းတွေရပြီလား တခက်လောက်ပေးပါဦး”
သူတို့နားရောက်လာသည့် အစ်မကြီးတစ်ယောက်။ အစ်ကိုဆောင်းညထက် တစ်နှစ်ကြီးသော ဆယ်တန်းကျောင်းသူဖြစ်သည်။ အစ်ကိုဆောင်းညတို့အိမ်နားနီးချင်းဖြစ်သဖြင့် ယူရီရယ်တို့ပါ အတန်သင့်မျက်မှန်းတန်းမိနေသည်။ အစ်ကို့လက်ထဲက ပန်းဖွေးဖွေးတွေကို နှစ်ခြိုက်စွာကြည့်နေသည်။
အစ်ကိုက ယူရီရယ့်လက်ထဲပေးနှင့်ပြီးသော ပန်းခက်များထဲမှ တစ်ခက်ကိုပြန်ယူပေးလိုက်ရင်း…“ရော့ အစ်မ ကျွန်တော့်ဆီကဟာက ဘုရားပန်းတင်ဖို့ ရည်ရွယ်ထားလို့ ”
“ကျေးဇူးပဲနော် ”
အစ်မကြီးက ပန်းခက်ကို ဆံနွယ်ကြားထဲ ညှပ်ပန်လိုက်ရင်း သူတို့ကို ကျေးဇူးတင်စကားပြောကာ လှည့်ထွက်သွားသည်။
“အစ်ကို ဘုရားပန်းတင်ဖို့လား ”
“အင်းလေ ဘာလဲ ကောင်မလေးတွေပေးဖို့မှတ်နေတာလား ”
“ဟီး အဲ့လိုထင်သွားတာ ”
“ပေါက်တက်ကရတွေ မပြောနဲ့ ဘာလဲ မင်းရော ကောင်မလေးတွေပေးမလို့လား ”
YOU ARE READING
ကန္တာရချယ်ရီ(BL)