(29)......Uni+Zg

247 35 4
                                    

“လိမ်လိမ်မာမာနေမယ်ဆိုတာကိုတော့ ယုံတယ် ဒါကြောင့် စာကြိုးစားလို့ပဲမှာချင်တယ် ”

“စိတ်ချပါ အစ်ကိုရဲ့ ကျွန်တော်လည်း အစ်ကို့လိုပဲ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးရအောင်ဖြေမှာ  ”

“အင်းပါ ပြီးတော့ စာပုံမှန်ရေးမယ်မဟုတ်လား ”

“ဒါပေါ့ အစ်ကိုသာ တက္ကသိုလ်ကျောင်းသားဖြစ်သွားပြီဆိုပြီး ကျွန်တော်တို့ကို မေ့လို့မရဘူးနော် ”

“ဟား ကိုယ့် ညီတွေ ညီမတွေကို ဘယ်မေ့မှာလဲဗျာ ”

“အဟမ်း အဟမ်း လူမှားနေသလားလို့ ဒီမှာ ညီမအရင်းဖြစ်တဲ့ ငါက ဘာမှသိပ်မပြောရဘူး နင်က ဘယ်လိုကြောင့် နေ့ရော ညရော အခု သွားခါနီးရော ကိုကို့အနားမှာ တတွတ်တွတ် ဖြစ်နေရတာလဲ ယူရီရယ် ”

“နင်က အစ်ကို့ကို ဂရုမစိုက်လို့ငါက ကိုယ်စားမှာစရာရှိတာ မှာနေရတာပေါ့ ပိုးပိုးရဲ့ ”

အပိုတွေ ဟုခပ်တိုးတိုးရေရွတ်ရင်း ပိုးပိုး ကားထဲ ဝင်ထိုင်နေလိုက်သည်။ ဒီနေ့ ဆောင်းည မန္တလေးကို သွားမည့်နေ့ဖြစ်သည်။ ကျောင်းမဖွင့်ခင် တပတ်လောက်အလိုထဲက ကြိုတင်သွားကာ နေရေးထိုင်ရေးအတွက် ပြင်ဆင်ဖို့ မေမေက တိုက်တွန်းထားသဖြင့် သူ စောစော သွားဖြစ်သည်။ မနက်ခင်းကတည်းကရောက်နေသော ကောင်လေးနှစ်ယောက်ကို နှုတ်ဆက်ပြီး ဆောင်းညတို့ကားလေးက မြို့ပြင်ကို ဦးတည်မောင်းနှင်လာသည်။

“သားကြီး အဆောင်မှာနေရတာသဘောမကျရင် အဖေ့ကို အချိန်အရွေးပြောနော် ”

“ရပါတယ်ဖေဖေ သားအဆင်ပြေအောင်နေမှာပါ ”

“၂နှစ်လောက်ပါသားရယ် နောက်တော့ မေမေတို့ အိမ်ဆောက်အပြီးနဲ့အကိုက်ပါ အဲ့တော့မှ ကိုယ့်အိမ်မှာကိုယ်နေပေါ့”

ဆောင်းညဦး အပြင်ဆောင်မှာ ငှားနေဖို့ ဆုံးဖြတ်ထားသည်။ မေမေကလည်း တက္ကသိုလ်ကျောင်းရဲ့  အနှစ်သာရဆိုတာ အဆောင်ကျောင်းသားကျောင်းသူဘဝနဲ့ ဖြတ်သန်းချင်းလည်းပါတယ်လို့ဆိုပြီး ဆောင်းညအဆောင်နေမှာကို သဘောတူခဲ့သည်။ အစိုးရအဆောင်ကတော့ အစားအသောက်မကောင်းတာကြောင့် အပြင်ဆောင်သန့်သန့်မှာပဲ ငှားနေဖြစ်ခဲ့သည်။ မန္တလေးဆိုတာ ကိုယ်နေတဲ့မြို့နဲ့ အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေတာကြောင့် သွားရေးလာရေး ဘာညာ အဆင်ပြေသည်။ ဆယ်တန်းဖြေပြီးကတည်းက သင်ခဲ့ရသော အတတ်ပညာထဲတွင် ကားမောင်းတာရောပါသည်ကြောင့် ဆောင်းညဦးအတွက် ဖိုးဖိုးက ကားတစ်စီးဝယ်ပေးသည်။ အဆောင်မှာ အသားကျမှ ကားယူဖို့ စဥ်းစားပြီး အခုတော့ ဆောင်းည ဘာမှယူမလာခဲ့။ ဆောင်းည တက္ကသိုလ်မှာ ပုံမှန်လေးပဲဖြတ်သန်းချင်သည်။ ၇နှစ်ပညာကြိုးစားသင် ဇာတိမြို့မှာပြန်ပြီး ဆရာဝန်လုပ် ဒါဟာ သူ့ရည်မှန်းချက်မို့ အပိုဆားဒါးဘာမှမဖြစ်ချင်ပါ။ 

ကန္တာရချယ်ရီ(BL)Where stories live. Discover now