(35)Uni+Zg

276 35 4
                                    

တော်သလင်းလမို့ ဆောင်းညတို့မြို့လေးမှာ လှေပြိုင်ပွဲရှိသည်။ ကန်သာယာရေပြင်ကျယ်မှာ လောင်းလှေတွေ တိုက်လှေတွေကို ရပ်ကွက်အစုလိုက် ယှဥ်ပြိုင်ကျခြင်းဖြစ်သည်။ ရေလည်ဘုရားကို ဦးတိုက်ပြီး သူနိုင်ကိုယ်နိုင် ယှဥ်ပြိုင်ကျသည့် ပွဲတော်ရက်မှာ ဆယ်ရက်ခန့်ကြာမြင့်သည်။ ဆောင်းည ကျောင်းကသူငယ်ချင်းအုပ်စုကို ဘုရားပွဲတော်လည်ဖို့ ခေါ်လာခြင်းဖြစ်ရာ အိမ်မှာ လူစည်နေသည်။ ဘုရားပွဲတော်ရက်မှာ အိုင်ဗန်တစ်ယောက်ကတော့ စာမေးပွဲနှင့်တိုက်ဆိုင်နေလို့ စာသာကျက်နေရသည်။  အစ်ကိုဆောင်းညက အကူညီတောင်းသဖြင့် ယူရီရယ်ပါဧည့်သည်တွေကို  ပွဲစျေးတန်းလိုက်ပို့ပေးဖို့ ဖြစ်လာသည်။ အစ်ကိုနဲ့ အတူပါလာတဲ့ သူငယ်ချင်းတွေအကုန်လုံးက အစ်ကို့အပေါ် နှစ်လိုဖွယ်ရာ ခင်မင်မှု့ရှိတာကို ယူရီရယ် အကဲခတ်မိပါသည်။

တော်သလင်းလမို့ နေအပူရှိန်ကလည်းပျင်းသည်။ ညနေစောင်းရောက်သည်ထိကို အပူရှိန်မကျသေးတာမို့ ဆောင်းညတို့ ကန်ဘောင်ဘေး အေးတဲ့တနေရာမှာ နားဖြစ်သည်။ လှပသောရေပြင်ကျယ်ရယ် သပ္ပါယ်လှစွာသော ရေလယ်ဘုရားရယ်ကြောင့် ဆောင်းညရဲ့ သူငယ်ချင်းမိန်းကလေးတသိုက်မှာ  ဓါတ်ပုံရိုက်လို့ မဆုံးနိုင်။ တမာပင်အိုကြီးရဲ့ ကိုင်းက ရေကန်စွန်းထိညွှတ်ကျနေပြီး ထိုအောက်တည့်တည့် သစ်မြစ်ပေါ်မှာ ဆောင်းညဦး ထိုင်နေသည်။   နေရောင်ပျောက်သွားပြီဖြစ်သော ရေကန်စပ်ရှုခင်းနဲ့ ပနံ့ရနေသော အစ်ကို့ ပုံရိပ်ကို ယူရီရယ် ဓါတ်ပုံရိုက်ထားလိုက်မိသည်။ အစ်ကိုကတော့ မသိ။

"ဘာလဲ ကိုယ့်အစ်ကို ဓါတ်ပုံပဲ ရိုက်နေတော့မှာလား "

ဘေးနားကို ရောက်လာပြီး ရယ်ကျဲကျဲနဲ့ ပြောလာသည်က အစ်ကို့ရဲ့ သူငယ်ချင်းအစ်မတွေဖြစ်သည်။ သူတို့နဲ့ ယူရီရယ်လည်း ခင်နေပါပြီ။ မိန်းကလေးတသိုက်မှာ ယူရီရယ့်လက်ထဲ ကင်မရာ ထိုးထည့်ပေးပြီး သူတို့ကို ဓါတ်ပုံရိုက်ပေးဖို့ ပူဆာပြန်သည်။ ရှုထောင့်အမျိုးမျိုး ပိုစ့်အမျိုးမျိုးပေးကာ ပုံပေါင်းရာချီ ရိုက်ကူးပြီးပေမယ့် အမျိုးသမီးတွေက မကျေနပ်သေးဘဲ ကန်လယ်ကို ဖြတ်ဆောက်ထားသည့် ရထားလမ်းပေါ်ကို တက်ကာ ဓါတ်ပုံရိုက်ပေးဖို့ပြောပြန်သည်။ ရထားလမ်းက ရေကန်ရဲ့ အလယ်မှာရှိပြီး ကန်ဘောင် ဟိုဖက် ဒီဖက်ကို ဆက်ထားသည်။ ရထားတခွင်စာပဲမို့ ကျဥ်းသည့်အပြင် ဇလီဖားတုံးတွေအောက်မှာ ကန်ရေပြင်ကိုလည်း ထိုးဖောက်မြင်နေရသည်။  ဂရုတစိုက်နှင့် လိုချင်သော ပုံများရအောင် ယူရီရယ် ရိုက်ပေးပေးပြီး အစ်မတွေကို ရထားလမ်းမှ ပြန်ဆင်းဖို့ ခေါ်လိုက်သည်။ ဧည့်သည်တွေမို့ တခုခုဖြစ်ခဲ့ရင် အစ်ကိုပဲ မျက်နှာပျက်စရာဖြစ်မှာကိုလည်း ယူရီရယ် စိုးရိမ်ပါသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now