(34)Uni+ Zg

271 40 3
                                    

“ဖြေးဖြေးစား ကိုယ်အတန်းတက်စရာမလိုတော့ဘူး မင်းကိုစောင့်ပေးမယ် ”

ရှေ့မှာ ထိုင်ကာ ထမင်းပေါင်းကို အလောတကြီးစားနေသည့် ကောင်လေးကို မလောဖို့ပြောရင်း ဆောင်းည  ရေနွေးကြမ်း ငှဲ့ပေးလိုက်သည်။ ထိုကောင်လေးက ယူရီရယ် ဆိုတာမှန်ပါသည်။  မှတ်မှတ်ရရဆိုလျှင် ဟိုတရက် စာကြည့်မျက်မှန်လာပေးပြီးချိန်ကစလို့ မန္တလေးရောက်တိုင်း ကောင်လေးက ဆောင်းညကို လာတွေ့တတ်သည်။ တခါတလေ ဖုန်းကြိုဆက်တတ်သလို တခါတလေတော့ ကောက်ခါငင်ကာ  သူရှိရာ ပေါ်လာတတ်သည်။ အဆောင်မှာသာမက သူရှိရာ ဆေးကျောင်းထဲထိပါ လိုက်လာတတ်သည်။ အိမ်မှာ သူကျန်ခဲ့တဲ့ တိုလီမုတ်စတွေ လာပေးတာက စလို့ အမေ့ထံမှ ယူလာသည့် စားစရာသောက်စရာတွေအဆုံး အကြောင်းရင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆောင်းညကို လာတွေ့တတ်သည်။

“ဒီတခါရော ဖိုးဖိုးက ဘာတွေ ဝယ်ခိုင်းလိုက်ပြန်တာလဲ ဝယ်လို့ရော ရခဲ့လား ”

“တကယ်တော့ ဒီနေ့မန္တလေးက ကာစတန်မာ တယောက်ဆီ ကားလာပို့တာ အာ…  အတော်ပဲ ကိိုကို အတန်းတက်စရာ မရှိဘူးဆို ကျွန်တော်နဲ့ အပြင်ခဏ သွားရအောင် ”

“အင်း သွားတာပေါ့ ဘယ်သွားမို့လဲ ”

“ကိုကိုသွားချင်တဲ့ နေရာစဥ်းစားထား ကျွန်တော်လိုက်ပို့မယ် ”

“အေးပါ အခုတော့ အစားကို သေချာစား ”

ဆရာဝန်လောင်းမို့လားပဲ ဆောင်းညဦးက အသေးစိတ်ကအစ လူတယောက်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တတ်လာသည်။  သူအတန်းဆင်းမလာသေးလို့ ကန်တင်းမှာ ဘာမှမစားဘဲစောင့်နေတဲ့ ကောင်လေးက ဗိုက်ဆာ​တာမို့ အခု အစားကို အလောတကြီးစားနေသည်။ အစာမကြေမှာ စိုးတာကြောင့် ဆောင်းညမှာ ဂရုစိုက်ကာ အသိပေးနေရသည်။
သူတို့ကန်တင်းထဲမှာ ရှိနေတုန်း ဆောင်းညရဲ့ အတန်းဖော် မိန်းကလေးတစ်သိုက်ရောက်လာတာမို့ ယူရီရယ်နှင့် မိတ်ဆက်ပေးရသည်။

မျက်နှာပေါက်ချင်း မဆင်တူလှသည့်   ယူရီရယ့်ကို ညီလေးပါလို့ ဆောင်းညက မိတ်ဆက်ပေးတော့ မချောတသိုက်က စုံထောက်မျက်လုံးတွေနှင့် သေချာကြည့်ကာ စစ်ဆေးပြန်သည်။ နောက်ဆုံးတော့ ယူရီရယ်ကပဲ အမှန်အတိုင်းပြောလာသည်။ ဆောင်းည ယူရီရယ့်ကို သဘောကျတဲ့ အချက်တွေထဲက တခုက ဒီကောင်လေးက ဘယ်တုန်းကမှ သူ့ဖြစ်တည်မှု့ကို ဖုံးကွယ်ထားတာမရှိ။ မိဘမဲ့ ဆိုတဲ့ဖြစ်ရပ်ကို ကောင်လေးက အသာတကြည်လက်ခံထားပေမယ့် ဆောင်းညကတော့ တချို့လူတွေရဲ့ အမြင်ကျဥ်းမှုတွေ ခွဲခြားဆက်ဆံမှုတွေကြား ကောင်လေး သိမ်ငယ်မှာကို စိုးရိမ်မိသည်။ ဒါကြောင့် အတတ်နိုင်ဆုံး ဒီကလေးရဲ့ အားနည်းချက်ကို သူ့နည်းသူ့ဟန်ဖြင့် ဖုံးကွယ်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားမိသည်။ ကောင်လေးကတော့ မငြင်းဆန်သလို လက်လည်းမခံပါ။

ကန္တာရချယ်ရီ(BL)Where stories live. Discover now