(32)...Uni+Zg

320 42 1
                                    

ခြံထဲကနေ ထွက်သွားတဲ့ကားလေးကိုမြင်တော့မှ ဆောင်းည ဖတ်လက်စ စာအုပ်ကို ပိတ်ကာ အိမ်ထဲကိုဝင်လာလိုက်သည်။ တနေကုန် မေမေဘယ်အချိန်အပြင်သွားမလဲစောင့်နေရင်း ခြံထဲဆင်းစာဖတ်နေတာ အခုနေ့လည်စာ စားချိန်တော်ကျော်လုပြီ။ ဘယ်အချိန်ကတည်းက စလာသည့်အကျင့်မှန်းမသိ ပိုးပိုးက စိတ်ကောက်လျှင် အခန်းတံခါးပိတ်ကာ ရေမသောက် ထမင်းမစား။မေမေကလည်း မချော့သည့်အပြင် ပိုးပိုးအခန်းထဲ  စားစရာသွားပို့သည့် ဘယ်သူ့ကိုမဆို ကျိန်းထားသည်။ ထမင်းစားခန်းထဲရောက်တော့ နေ့လယ်ကမေမေချက်ထားသည့် သီးစုံချဥ်ဟင်းကို ပြန်နွေးရ၏။ တခါမှ မီးဖို ချောင်မဝင်ဘူးတာမို့ မီးဖို မီးဖွင့်ဖို့ခလုတ်ကို အချိန်အတော်ကြာအောင် ရှာလိုက်ရသည်။ ထမင်းကို ပန်းကန်ထဲထည့် ဟင်းအနှစ်နဲ့ သေချာနယ်ပြီးမှ အသားဖတ်ကို တမျှင်ချင်းနွှာလိုက်သည်။ ပြီးမှ ခပ်ကြွပ်ကြွပ်ကြော်ထားသည့် မြေပဲဆံနီနီလေးတွေကို နိုင်းချင်းဖြူးလိုက်သည်။ အသီးအရွက်မကြိုက်တဲ့ ညီမလေးဖို့ သခွားသီးစိတ်လေးတွေကို သေချာပုံဖော်ကာ စားချင့်စဖွယ်ဖြစ်အောင် လှီးထည့်ပေးရတာပေါ့။ ခွဲစိတ်ဓါးကိုင်ရမည့်လက်က အခုတော့ သခွားသီးအရင်လှီးနေရပြီ…တဦးတည်းသော ညီမလေးအတွက်ဆိုတော့လည်း ကျေနပ်ရပါ၏။ ပူပူလောလော ချဥ်ဟင်းကို ကြွေပန်းကန်ထဲပြောင်းထည့်ပြီးမှ ထမင်းပန်ကန်ကိုပါ လင်ပန်းလေးတစ်ချပ်နှင့် ထည့်ယူကာ ပိုးပိုးအခန်းဖက်သို့ ဦးတည်လိုက်သည်။ အချိုတည်းဖို့ ချောကလက်သုံးလေးလုံးကိုလည်း မမေ့ခဲ့ပါ။

အခန်းတံခါးကို အသာအယာခေါက်ပြီး…

“ပိုးပိုးရေ ကိုကိုလာတယ် တံခါးဖွင့်ဦး”

……

“ပြောစရာရှိတယ်ညီမလေးရေ ကိုကို့ ကိုတံခါးဖွင့်ပေးဦး ”

……
စကားပြန်မရ။ ဘာသံမှမကြား။ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်တော့ အလွယ်တကူပွင့်သွားတာမို့ ဆောင်းညဒီအတိုင်းပဲ ဝင်လာလိုက်သည်။ တွေ့ပါပြီ စောင်အထူကြီးကို ခေါင်းမှီးခြုံကာ ကုတင်ပေါ်မှာ ရှိနေသည့် ညီမငယ်။ ဒါဟာ စိတ်ကောက်မှုဒီဂရီ တော်တော်မြင့်သည်ဟု ဆောင်းည အတပ်သိပါ၏။ ထမင်းပန်းကန်တင်လာသည့် လင်ဗန်းကို ဘေးနားက စားပွဲပေါ်ချထားလိုက်ပြီး ဆောင်းည  ကုလားထိုင်တစ်ခုယူကာ ကုတင်ဘေး ဝင်ထိုင်လိုက်သည်။

ကန္တာရချယ်ရီ(BL)Donde viven las historias. Descúbrelo ahora