(56)...Uni+Zg

282 35 2
                                    

တရွေ့ရွေ့ခုတ်မောင်းနေတဲ့ ရထားရဲ့ အရှိန်လိုပဲ ကျွန်တော်တို့ ဘဝနေ့စွဲတွေဟာ ချန်ထားခဲ့ခြင်း များစွာနဲ့ ဖြတ်သန်းခဲ့ပြီးပြီ။ အခုချိန်မှာ နောက်ကိုပြန်လှည့်ကြည့်လိုက်ရင် စိုးရိမ်စရာဆိုတာ မရှိတော့သလောက်နည်းပါးတယ်။ အကယ်၍ ဆိုတဲ့ စကားလုံးကို အစပြုလို့ အချို့ အကြောင်းအရာတွေမှာ စွန့်လွှတ်ရခြင်းတွေလည်း ရောယှက်နေခဲ့တယ်။ ဘာပဲပြောပြော ဆုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူးတင်ပါတယ်။

အဝါရောင် ပန်းနှမ်းခင်းတွေ ခြုံလွမ်းထားတဲ့ တောင်ကုန်းတောင်တန်း တခုပြီးတခုကို ကျော်လွန်ပြီးနောက် သူ အနှစ်နှစ်ဆယ်နီးပါး ခွဲခွာခဲ့ရတဲ့ မွေးရပ်မြေကို ရောက်လာခဲ့ပြီ။ နာကျင်စရာတွေက လွဲလို့ ဘာမှမရှိတဲ့ ဒီနေရာမှာ သူ့နှလုံးသားရဲ့ အစိတ်အပိုင်းအချို့တော့ရှင်သန်နေသေးသည်။ 

နေကြာရိုင်းပင်တွေကို ခြံစည်းရိုးခတ်ထားတဲ့ ကွင်းပြင်ကျယ်ဟာ သူ့ခရီးရဲ့ အဆုံးသတ်။ ဘာမှ မပြောင်းးလဲသေးတဲ့ ဒီနေရာကို သူ သဘောမကျပါ။ ကိုယ့်အာရုံနဲ့ကိုယ် အလုပ်ရှူပ်နေတဲ့ လူတွေကြားထဲ သူ့နှလုံးသားငယ်ကို ရှာမိပါ၏။ သူ အမှတ်မမှားဘူးဆိုရင် သိပ်လှတဲ့ ချယ်ရီပင်ကြီးနားမှာ သူမကို တွေ့နိုင်ပါရဲ့။
ဟော…ထင်တဲ့အတိုင်းပဲ သူ့လာရာကို ကျောပေးပြီး အဝေးက ပန်းနှမ်းခင်းဝါဝါကို ငေးနေတဲ့ သူမဟာ လှမြဲ လှဆဲပါပဲ။ ဆံပင်အနက်ရောင်တွေဟာ လေနဲ့အတူ ဝဲပျံ့လို့ ပခုံးစွန်းတွေ လှုပ်ရယ်သည်အထိ ရယ်မောနေတဲ့ သူမဟာ ဘာကို သဘောကျနေပြန်ပါသလဲ သူ မတွေးတတ်။

“စိုင်းလျှံမင်းယာ  ”  

လှည့်မကြည့်ဘဲ သူ့နာမည်ကို ခေါ်လိုက်တဲ့ သူမဟာ အကြားအမြင်များရနေရောလား။  သူအတွေးမဆုံးခင် လှည့်ကြည့်လာတဲ့ သူမဟာ ခန့်မှန်းထားသလို အလှတွေ ကြွယ်နေဆဲ။ တော်ပါသေးရဲ့  မျက်ဝန်းနက်နက်တွေမှာ  အပြုံးတွေ စွန်းထင်းနေလို့။

“လာလေ အဲ့လိုပဲ ရပ်နေတော့မှာလား”

လက်ယက်ကာ သူ့ကို လှမ်းခေါ်နေတဲ့ သူမလေး မငြိုငြင်ခင် သူ အပြေးသွားကာ ဘေးချင်းကပ်ရပ် ထိုင်လိုက်သည်။ သဘောကျသွားတော့ သူ့ကို ဂရုမစိုက်ဘဲ အရှေ့ဆီက ပန်းနှမ်းခင်းကိုသာ ကြည့်နေပြန်၏။ လေဒဏ်ကြောင့် ဝဲလွင့်နေတဲ့ ဆံနွယ်တွေဟာ သူမအလှကို ဖုံးနေတာကြောင့်  အသင့်ပါလာတဲ့ လက်ကိုင်ပုဝါလေးနှင့် စည်းနှောင်ပေးလိုက်သည်။ 

ကန္တာရချယ်ရီ(BL)Where stories live. Discover now