နွေဦးရောက်ပြီမို့ မြင်မြင်သမျှ သစ်ပင်တွေ တောအုပ်တွေဆိုတာ ကြွေလုဆဲဆဲ ရောင်စုံရွက်အိုတွေနဲ့ ဆေးချယ်ထားသည်။ မနက်မိုးလင်းလင်းခြင်း အိပ်ယာကနိုးရင် ကျန်တာ ဘာမှ ဘာမှ မလုပ်နိုင်သေး… အိပ်ခန်းမှန်ပြူတင်းကတဆင့်မြင်နေရသည့် မြို့လယ်က ရေကန်ကို ငေးကြည့်ခြင်းဖြစ်သည်။ ထိုရေကန်ကို ကာရံထားသည့် တောင်နံရံတဖက်ဆီမှာလည်း အဖြူရောင် ဆီးနှင်းခဲတို့က တဖြေးဖြေး အရည်ပျော်နေချေပြီ။ ရာသီတွေ ဘယ်လိုပြောင်းပြောင်း ဒီနေရာမှာ သူကတော့ တယောက်ထဲ ရေကန်ငယ်ကို ငေးနေရမြဲပင်။
လွမ်းလိုက်တာ …
ထုတ်ဖော်ပြောရမယ့် စကားတွေသည်လည်း ကြားနိုင်မည့်သူ မရှိလေတော့ ရင်ထဲမှာပဲ သိုဝှက်သိမ်းဆည်းထားရသည်။ တနေ့တာရဲ့ ထုံးစံအတိုင်း တာဝန်ကျရာ ဆေးခန်းလေးဆီသို့ ဦးတည်လာခဲ့သည်။ Hallstattဆိုတာ သြစတြီးယားရဲ့ အလှဆုံး ခရီးသွားနေရာဖြစ်တော့ လည်ပတ်သူတွေနဲ့ စည်ကားသည်။ သိပ်ကို လွမ်းစရာကောင်းတဲ့ ရာဇဝင်ထဲက ဗီယင်နာမြို့တော်နဲ့ စာရင် ဒီရွာလေးက သူ့အတွက် နေထိုင်ရတာ ပိုသက်တောင့် သက်သာရှိသည်မို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တကယ်ကိုလည်း တိတ်ဆိတ်လွန်းလို့ အထီးကျန်ခြင်းအဖြစ်ပြောင်းလဲသွားသည်။
ပန်းဆီရောင် ပီတူးနီးယားတွေနဲ့ အဖြူရောင် မောနင်းဂလိုရီပန်းများဖြင့် အလှဆင်ထားတဲ့ လမ်းကြားလေးကို လွန်မြောက်ရင် တခုတည်းသော မိန်းလမ်းမကြီးဆီသို့ ရောက်ရှိနိင်သည်။ အဲ့ဒီကနေ နည်းနည်း ဆက်သွားလိုက်ရင် သူ မနက်စာအဖြစ်စားနေကျ ဘလူးဘယ်ရီပိုင်မုန့်ရောင်းတဲ့ ကဖေးဆိုင်ပေါ့။ ဒီနေ့တော့ စားချင်စိတ်မရှိလို့ ကျော်ဖြတ်သွားလိုက်သည်။ ကျောက်သားလမ်းကျဉ်းလေးအဆုံးမှာ silence point လို့ ဆိုင်းဘုတ်ရေးထိုးထားတဲ့ ကန်စပ် ကို ရောက်ပြီ။ ရေခဲမှုန်တွေ ရောနေတဲ့ လေပြေဟာ ကန်ရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတယ်။ အလယ်ဥရောပရဲ့ ရာသီဥတုပီသစွာ နွေမှာတောင် အေးမြနေဆဲ။ တစုံတယောက်လိုပေါ့… ဘယ်လောက်ပဲ စိမ်းကားနေပါစေ နာမည်လေးကို ကြားလိုက်ရုံနဲ့ ရင်ကို အေးမြစေသည်လေ။
YOU ARE READING
ကန္တာရချယ်ရီ(BL)