Extra(3)

339 28 3
                                    

အရောင်ပြောင်းသွားတဲ့ သံယောဇဉ်တွေကို အချစ်လို့ခေါ်တွင်သလား…

“ဟေ့ ဘာလို့ စာသင်ချိန်မှာ အိပ်နေရတာလဲ စာမသင်ချင်ရင် အိမ်ပြန်နေလေ ဆရာမတွေကို အားမနာဘူးလား ”

ခေါင်းတင်ပြီး အိပ်နေသည့် စာရေးခုံကို လာခေါက်သည့် တဒေါက် ဒေါက် အသံနှင့် အတူ ထွက်ပေါ်လာသည့် အသံစူးရှရှကြောင့် အိုင်ဗန် ခေါင်းထောင် ကြည့်လိုက်သည်။ အစက ဆရာမ တယောက်ယောက် ဖြစ်လိမ့်မည်ဟု ထင်လိုက်သော်လည်း မြင်လိုက်ရသည်က အတန်းဖော်ကျောင်းသူ တစ်ယောက်။ သပ်ရပ်ပြီး တောက်ပြောင်သော အဝတ်အစားနှင့် လိုက်ဖက်စွာ အမူအရာကလည်း တည်ကြည်နေသည်။ ကျော့ရှင်းပြီး သွယ်လျတဲ့ လည်တိုင်မှာ ရွှေဆွဲကြိုး မျှင် မျှင်လေးကလည်း တလက်လက် ရှိနေသည်။ ထိုဆွဲကြိုးနှင့် အတူ စိမ်းပြာရောင် ကြိုးလေးနှင့် တွယ်ထားသည့် ကျောင်းသားကဒ်က သူ့အမြင်နှင့် ကွက်တိရှိနေသောကြောင့်  အိုင်ဗန် ဖတ်ကြည့်လိုက်သည်။

“ပိုးနုရွှေခက် ”

“အေး ငါပဲ  မသိသေးဘူးထင်တယ် ငါက အတန်းခေါင်းဆောင် ”

ကျောင်းသားကဒ်က နာမည်ကို အသံထွက်ဖတ်မိသွားသည့် အိုင်ဗန်ကို ပြစ်တင်ပြောဆိုနေသည့် ဟန်အမူအရာမှာ  တာဝန်ကျေသော ကျောင်းသားခေါင်းဆောင် တစ်ယောက်မှန်း သိသာလှသည်။ ထိုကောင်မလေးက အတန်းခေါင်းဆောင် ဆိုတာကို အိုင်ဗန် တကယ် မသိခဲ့တာပါ။ မနက်ကမှ ဂေဟာက ကျောင်းအပ်ပေးလို့ စ တက်ရတာ အတန်းထဲမှာ သူ့ကို သိတဲ့လူမရှိသလို သူကလည်း တစ်ယောက်မှ မသိ။

“အော် ”

“ဘာလို့ အိပ်နေရတာလဲ နေမကောင်းဘူးလား ဆရာမတွေ နားနေခန်းမှာ ဆေးတောင်းလို့ရတယ်လေ”

“မဟုတ်ပါဘူး နေကောင်း ပါတယ် ”

“အဲ့တာဆို မအိပ်နဲ့ လန်းလန်းဆန်းဆန်းနေ ဆရာဆရာမတွေက စေတနာနဲ့ သင်ပေးနေရတာ နည်းနည်း လေးတော့ အားနာဦးမှပေါ့ ဒါကျောင်းလေ နင့် အိမ်မှ မဟုတ်တာ ”

“အိမ် ”

ဟုတ်သားပဲ  အိုင်ဗန် မေ့နေခဲ့တာ။ အိမ်မှ မဟုတ်တာတဲ့။ သူ အိပ်ချင်တဲ့ အချိန် အိပ်လို့ မရတော့ဘူး။ စားချင်တာ စားလို့ရတဲ့ အိမ်မဟုတ်ဘူး။ နောက်တခုက သူ့ကို ဂရုတစိုက်ရှိနေပေးသည့် မိသားစု ဝင်တွေရှိသည့် အိမ်မှ မဟုတ်တာ။ အိမ်ဆိုတာ သူ့မှာ မရှိတော့ဘူးလေ။ ဒါကြောင့်လည်း သူ မိဘမဲ့ ဂေဟာကို ရောက်လာတာပဲ။ 

ကန္တာရချယ်ရီ(BL)Where stories live. Discover now