(16)......Uni+Zg

318 40 6
                                    

"ဟေ့ assemblyကွင်းထဲမှာ ဘင်ခရာအဖွဲ့လေ့ကျင့်နေကြတယ် "

နေ့လယ်ထမင်းစားကျောင်းပြန်တက်ချိန် ဆရာမဝင်သေးသည့်အတွက် ယူရီရယ်တို့ အားလပ်နေသည်။ ကျောင်းသူတစ်ယောက်အော်လိုက်သည့်အသံကြောင့် အတန်းသူအတန်းသားတွေ အကုန်လုံး လှုပ်လှုပ်ရွရွဖြစ်လာကာ တန်းစီကွင်းဘက်သို့ ဦးတည်နေကြသည်။ သူတို့စာသင်ခန်းက တန်းစီကွင်းရှေ့မှာရှိတာကြောင့် ကော်ရစ်ဒါကနေ ကြည့်ရင် တန်းစီကွင်းထဲက ဘင်ခရာအဖွဲ့ကို ကောင်းစွာမြင်ရသည်။

"ယူရီရယ် လာခဲ့ ငါတို့ထွက်ကြည့်ရအောင် ကိုကိုပါတယ် "

ပိုးနုရွှေခက်ရဲ့ တိုက်တွန်းမှုကြောင့် စာရေးနေသော ယူရီရယ်ပါ အတန်းပြင်ကို ထွက်လာခဲ့သည်။ နေရောင်သိပ်မပူသော မိုးအုံ့သည့်နေ့မို့ ဘင်ခရာအဖွဲ့က ဝတ်စုံပြည့်လေ့ကျင့်နေကြသည်။ အထက်တန်းကျောင်းသားတွေခြည်းသီးသန့်ဖွဲ့စည်းထားသော ကျောင်း၏ အဓိက ဘင်ခရာအဖွဲ့က ကြည့်ကောင်းစွာ လှုပ်ရှားသက်ဝင်နေသည်။ တန်းစီကွင်းနှင့် နီးသော အတန်းတိုင်းမှ ကျောင်းသူကျောင်းသားတွေက ပြူတစ်ပြူတစ်နှင့် ထွက်ကြည့်နေကြတာ ဆရာဆရာမများပင် ဝင်မတားဆီး ကြတော့ပါ။

ဟန်ချက်ညီစွာလှုပ်ရှားနေသော ဘင်ခရာအဖွဲ့ဝင်များထဲက ရင်းနှီးသော ပုံရိပ်ကို ယူရီရယ်အလွယ်တကူဖမ်းမိနိုင်ခဲ့သည်။ အစ်ကိုဆောင်းညဦးက အဖြူရောင်နှင့် အရမ်းလိုက်ဖက်တာပဲ။ သာမာန်ကိုးတန်းကျောင်းသားအရပ်ထပ် ပိုမြင့်သော အရပ်အမောင်း၊ ထိုအရပ်နှင့်လိုက်ဖက်စွာသော ကိုယ်လုံးကိုယ်ပေါက်၊ ပြီးတော့ စည်းချက်နှင့်အညီ ပေါ်ပေါက်လာသော လှုပ်ရှားမှုတစ်ခုချင်းစီကို ယူရီရယ် အားကျရပါသည်။

မိနစ်အနည်းငယ်ကြာတော့ ခတ္တတဖြုတ်နားကာ သူ့အဖွဲ့နှင့်သူရပ်နေရာမှာ ဆောင်းညဦးက ယူရီရယ်နှင့် ပိုးနုရွှေခက်တို့ရှိရာသို့ လက်လှမ်းပြသည်။ သူတို့နှစ်ယောက်လုံး အစ်ကိုဆောင်းညဦးကို လက်ပြန်ပြတော့ အကြောင်းမသိသည့် ဘေးနားက အခြားအတန်းမှ ကျောင်းသားကျောင်းသူများမှာ တီးတိုးတီးတ်ိုး သဖန်းပိုးလုပ်ကြသည်။ သို့သော် ပိုးနုရွှေခက်ရဲ့ အကြောင်းကို သိပြီးသားမို့ သိပ်တော့ တာရှည်မခံလိုက်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now