(31)Uni+Zg

274 41 9
                                    

“ကိုကို့ရဲ့ ကလေးတွေအတွက် ဂုဏ်ပြုလက်ဆောင် ရော့ ဖွင့်ကြည့်ကြ ”

ဆောင်းည ပေးလိုက်သည့် လက်ဆောင်ထုတ်လေးတွေကို အသီးသီး အလုအယက်ဖောက်ကြည့်နေသည့် ကလေးသုံးယောက်က မနေ့ကမှ ဆယ်တန်းအောင်စာရင်းထွက်ထားကြသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူလောင်းတွေ။ သို့ပေမယ့် ဆောင်းညနဲ့ဆို အမြဲတမ်း ကလေးသူငယ်တွေသာဖြစ်နေဆဲ ။ မေမေတို့ပေးတဲ့မုန့်ဖိုးတွေကဆောင်းညအတွက် ပိုလျှံနေတာမို့ ဒီလက်ဆောင်ဝယ်ဖို့ သူအထူးအလည် မစီစဥ်ခဲ့ရ။ ကလေးသုံးယောက် မကြာခင် တက္ကသိုလ်တက်ရတော့မှာမို့ဆောင်းည သူလက်ဆောင်အဖြစ်ရွေးပေးတဲ့ ပစ္စည်းကိုသေချာပေါက်ကြိုက်ကြမှာမလွဲ မသွေ။

“ဟင် ကိုကို ဒါက ဖုန်း ဖုန်းမဟုတ်လားဟင် ”

“ညီမလေး သဘောကျရဲ့လား ”

“အင်း အရမ်းပဲ အား မေမေရေ ကိုကိုက သမီးကို ဖုန်းဝယ်ပေးတယ် ကြည့်ပါဦး ”

လက်ရှိ ခေတ်စားနေတဲ့ Touch Screenဖုန်းကို ညီမလေး သဘောကျနေတာ ဆောင်းညသတိထားမိသည်။ ဒါကြောင့် ဂုဏ်ပြုလက်ဆောင်အဖြစ် နောက်ဆုံးထွက် မော်ဒယ်မြင့် ဖုန်းအမျိုးအစားကိုမှ ရွေးဝယ်လာပေးခဲ့သည်။ ညီမလေးအတွက်စဥ်းစားမိတော့မှ ယူရီရယ်နှင့် အိုင်ဗန်အတွက်ကပါ မပါမဖြစ်ပေါ့။ ကောင်လေးနှစ်ယောက်ကတော့ ဖုန်းကိုတလှည့် သူ့ကိုတလှည့်ကြည့်ပြီး အံ့သြနေဆဲ။

“အစ်ကို ဒါစျေးအရမ်းကြီးမှာနော် ”

ယူရီရယ့်စကားကို အိုင်ဗန်ကလည်းထောက်ခံသည်။

“ဟုတ်တယ် ဒီလိုတလုံးတောင် အများကြီးပေးရတာ ကျွန်တော်တို့အတွက်ရောဆို အစ်ကို တော်တော်ကုန်ခဲ့မှာပေါ့”

“ကိုယ့်ညီတွေ ညီမတွေအတွက်ပဲဟာ ဘာဖြစ်လဲ  အစ်ကိုက မင်းတို့အတွက်ဆို ဒီထက်မက ကုန်ရလည်း ဘာမှမဖြစ်ဘူး ”

“ဒါပေမယ့် ကျွန်တော်မယူချင်ဘူး အစ်ကို ဒီအတိုင်းပဲ အစ်ကို့စေတနာကို လက်ခံမယ်လေ ဖုန်းကတော့ အစ်ကိုပြန်ယူထားပါလား ”

တည်တည်ငြိမ်ငြိမ်ငြင်းဆိုနေသည့် အိုင်ဗန့်ရဲ့ ပုံစံကို ဆောင်းည မထူးဆန်းမိ။ ဒီကောင်လေးက နဂိုကတည်းက အနေတည်သလို မာနလည်း အလွန်ကြီးသည်။ ဘယ်လောက်ပဲ နှစ်တွေကြာခဲ့ပါစေ အိုင်ဗန်က ယူရီရယ်နှင့်မတူစွာ သူ့ကို သိပ်မခင်ဟု ဆောင်းည တွေးထင်မိသည်။ သူတို့စကားဝိုင်းထဲ ပြန်ရောက်လာသော ပိုးပိုးက အိုင်ဗန့်စကားကို ကြားတော့ အပြင်းအထန်ကန့်ကွက်သည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now