(55)...... Uni+Zg

280 39 2
                                    

Zawgi

အေးစိမ့်နေသော အဲကွန်းခန်းထဲမှာ ယူရီရယ် ချွေးစေးတို့ ပျံနေ၏။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသူက တည်ငြိမ်အေးဆေးနေသလောက် သူ့ ရင်ထဲမှာကတော့  ပူလောင်စိုးထိတ်နေရသည်။ 

“ယူရီရယ် အအေးသောက်လိုက်ပါဦး ရာသီဥတုက မိုးတွင်းဆိုပေမယ့် ပူတယ်လေကွယ် ”

“ဟုတ် ဟုတ်ကဲ့ အန်တီဆရာမ ”

အန်တီဆရာမကိုယ်တိုင်ဖျော်ပေးထားသည့် ပျားသံပုရာဖျော်ရည်မှာ ချဉ်ချိုချိုလေးနဲ့ သောက်လို့ကောင်းသည်။

“ဘယ်လိုလဲ အအေးက အရသာရော ရှိလား  ”

“ဟုတ်ကဲ့ ရှိပါတယ်”

မနက်ခင်းအစောကြီး သူ့ဆီဖုန်းဆက်ကာ စကားပြောရအောင်လို့ ပြောလာတဲ့ အစ်ကို့ အမေကြောင့် သူ စိတ်ပူနေခဲ့တာ။ မျှော်လင့်ထားသည်က စိတ်တိုဒေါသထွက်လွန်းလို့ သူ့ကို အော်ဟစ် ဆူပူမည်ဟု။ ဒါမှမဟုတ် တခုခု ဆိုးဆိုးရွားရွားလုပ်မည်ဟုပင်။ သို့သော် အခြေအနေတွေက အရင်လိုပဲတည်ငြိမ်နေသည်။ မနက်ခင်းရောက်ခါစကပင် မနက်စာ မစားရသေးရင် အတူစားဖို့ ခေါ်နေခဲ့သည့် အန်တီဆရာမကို သူ အံ့သြမိသည်။ အစ်ကိုက အမေ့ကို ဖွင့်ပြောတော့မယ်လို့ပြောတုန်းက တုံ့ပြန်မှု့တွေအတွက်  သူ  ကြိုတင်ပြင်ဆင်ခဲ့ပြီးသား။  ဒါပေမယ့် ထင်သလို ဆိုးရွားတဲ့ တုန့်ပြန်မှုတွေဟုတ်မနေခဲ့။ ယူရီရယ် မဝံ့မရဲ ကြည့်လိုက်တော့   အန်တီဆရာမက မျက်နှာချင်းဆိုင်က မှန်နံရံတွေက တဆင့် ခြံထဲက စကားပင်ကို ငေးစိုက်ကြည့်နေသည်။

အစဉ်အမြဲအေးချမ်းခဲ့သော မျက်နှာသည် ထူးခြားစွာ ပျက်ယွင်းမနေ။ အမြဲလို သနပ်ခါးပါးပါးလူးပြီး ပန်းပန်ရတာ နှစ်သက်တဲ့ အန်တီဆရာမကြီးရဲ့ တည်ငြိမ်အေးဆေးမှု့မျိုးကို အစ်ကို့ဆီမှာ တွေ့ရတတ်သည်။  သူ့ဖက်ကို စောင်းငဲ့ကြည့်လာတဲ့ အကြည့်တွေဟာလေးနက်လွန်းတာမို့ ယူရီရယ် မျက်လွှာချမိလိုက်သည်။

“ယူရီရယ် … သားကြီး ဆောင်းညဦးကို ချစ်သလား ”

“ဗျာ ”

မေးခွန်းဟာ ရိုးရှင်းပြီး  မေးခွန်းမေးသူရဲ့ ခံစားချက်ဟာ  နက်ရှိုင်းလွန်းသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now