Chapter 1001

1.7K 66 1
                                    

စာစဉ် 67 Chapter 1001 ခင်ဗျားတို့ကို စောင့်နေတဲ့သူ ရှိပြီးသား

ရွှစ်!
ရွှေရောင်ဓားချက် ပျက်စီးသွားချိန်တွင် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ နှစ်ယောက်လုံး မျက်နှာ ဖြူရော်သွားသည်။ သေမင်းတမန်အနားသို့ ဖြတ်သွားရသည်ဟု ခံစားမိကာ နှစ်ယောက်လုံး၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။
“အဖေ”
ဖုန့်လောလောသည် ထိုလူကို မြင်သည်နှင့် ငိုကြွေးလေသည်။ မကျေနပ်ချက်များ၊ ကြောက်စိတ်များနှင့် နာကျည်းမှုများအားလုံး ပျောက်ကွယ်သွားသလိုပင်။
“လောလော မငိုနဲ့လေ၊ အဖေ သမီး အရှက်ရခဲ့ရသမျှကို ပြန်ချေဖျက်ပေးမယ်”
ထိုလူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူသည် အလွန် အရပ်ရှည်လှပြီး ကြွက်သားများက ကျစ်လျစ်သန်မာလှကာ ကြောက်စရာကောင်းသော အငွေ့အသက်များ ရနေ၏။ သူ့ထံမှ ဘုရင်တစ်ပါး၏ အရှိန်အဝါများလည်း ထွက်ပေါ်နေသည်။
လူသားအရှင်သခင် ယင်ယန်လောကကို သိမ်းပိုက်စိုးမိုးချိန်တွင် သူ့၌ မဟာဘုရင် လေးပါး၊ မိစ္ဆာ နတ်ဘုရား ရှစ်ပါးနှင့် ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက် ရှိခဲ့သည်။
မိစ္ဆာနတ်ဘုရား ရှစ်ပါးတွင် ခုနစ်ပါး ကျဆုံးသွားပြီး ကျန်ရှိနေသည့် တစ်ယောက်တည်းသော မိစ္ဆာ နတ်ဘုရားမှာ မိုးကြိုးတောင်ကြား အရှင်သခင် ဖုန့်ရှုံး ဖြစ်ပြီး မိုးကြိုးဘုရင်ဟု ကျော်ကြားလေသည်။
ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်နှစ်သိန်းခန့်က မိုးကြိုးဘုရင်၏ ခွန်အားသည် ပိုမို၍ သန်မာခဲ့ပြီး သူ၏ခွန်အားက မဟာဘုရင်လေးပါးနှင့် ယှဉ်နိုင်သည်ဟု ဆိုကြသည်။ သူသည် ယင်ယန်လောက၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်မှာ အသေအချာပင်။
သို့ရာတွင် လက်ရှိအချိန်၌ မိုးကြိုးဘုရင် ဖုန့်ရှုံး၏ မျက်နှာထားက မည်းမှောင်နေသည်။ မိုးကြိုးတောင်ကြားမှ အကြီးအကဲများ၏ အလောင်းများ၊ ထောင်သောင်းချီသော တပည့်ဂိုဏ်းသားများ၏ အလောင်းများနှင့် သွေးနံ့များကြောင့် မိုးကြိုးဘုရင် မျက်လုံးများ နီရဲလာသည်။
*နောက်ကျသွားတာပဲ*
ယနေ့ သူသည် မသေမျိုး မျိုးနွယ်သို့ ဧည့်သည်အဖြစ် သွားရောက်ခဲ့သည်။ ယင်ယန်လောက၏ ကောင်းကင်ယံမှ ကြောက်စရာကောင်းသော မိုးကြိုးများ ပစ်ခွင်းလာသည်ကို သတိထားမိချိန်တွင် အခြေအနေ မကောင်း တော့ကြောင်း သတိထားမိသဖြင့် အလျင်အမြန် ပြန်လာခဲ့သည်။
အထူးသဖြင့် လာရာလမ်း၌ သမီးဖြစ်သူနှင့် မိုးကြိုးတောင်ကြားမှ တပည့်များ၏ အော်သံများကို ကြားပြီး သူ အမြန်ဆုံးနှုန်းဖြင့် ပြန်လာခဲ့ရသည်။ သို့ရာတွင် သူ ခြေတစ်လှမ်းမျှ နောက်ကျသွားလေသည်။
ဒေါသစိတ်ကြောင့် မိုးကြိုးဘုရင် တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူသည် ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။
“ဟေ့ကောင်၊ မင်း … မင်းက မဟာနတ္ထိ အရှင်သခင်လား”
ယနေ့ သူသည် မသေမျိုးမျိုးနွယ်သို့ သွားရောက်ပြီး မသေမျိုးဘုရင်နှင့်အတူ တုံကျန့်စစ်တပ်အား ဖျက်ဆီး၍ မဟာနတ္ထိ အရှင်သခင်နှင့် အခြားသူများကို သုတ်သင်ရန် ဆွေးနွေးခဲ့သည်။
သို့သော် တစ်ဖက်လူ တစ်ကိုယ်တော် ခရီးထွက်လာပြီး ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ လိမ့်မည်ဟု သူ ထင်မထားမိပါ။
ထိုလူတစ်ယောက်တည်းဖြင့် မိုးကြိုးတောင်ကြားတစ်ခုလုံးကို ဖျက်ဆီးလိုက်သဖြင့် သူ၏ မိုးကြိုးဘုရင်ဟူသော ဘဝတလျှောက်တွင် အကြီးအကျယ် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။
ယဲ့ဖန်ကမူ ခေါင်းသာညိတ်ပြလိုက်သည်။ သူ၏မျက်နှာထားက အေးစက်လွန်းပေသည်။
“ကောင်းပြီလေ၊ သိပ်တော်နေတဲ့ နတ်အဆင့်လေးပဲ”
ထိုသို့ပြောပြီး မိုးကြိုးဘုရင်သည် ယဲ့ဖန်ကို သေချာလေ့လာမိသည်။ သူ သေချာလေ့လာလေ ပို၍ ထိတ်လန့်လေ ဖြစ်လာရသည်။
သူ့လက်အောက်မှ အန္တိမ အထွတ်အထိပ်အဆင့် အကြီးအကဲများအားလုံး၏ ဒဏ်ရာများက သေသပ်လှပြီး ဓားချက် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို သူ သတိထားမိသည်။ ထိုသို့လုပ်သူကလည်း ယဲ့ဖန်မှ လွဲ၍ တစ်ခြားသူ မရှိပေ။ ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားက သူ့အား စိုးရိမ်သွားစေသည်။
“နတ်အဆင့်လေးနဲ့ ကောင်းကင်ဘုရင်အဆင့် တိုက်ပွဲဝင်ခွန်အား ရှိနေတာပဲ၊ မင်းက သမိုင်းမှာ ပထမဆုံးလူ ဆိုတာကိုတော့ ငါ ဝန်ခံရမှာပဲ”
“အရင်အချိန်တုန်းက လူသားအရှင်သခင်တောင် မင်းလောက် မသန်မာမှာတောင် စိုးရိမ်ရတယ်”
ထိုသို့ပြောပြီးနောက် မိုးကြိုးဘုရင်က အားပါးတရ ပြုံးလိုက်သည်။
“ဒီလို လုပ်နိုင်တော့လဲ ဘာထူးမှာလဲ၊ မင်းက ကောင်းကင်ဘုံကို ဆန့်ကျင်မယ်ဆိုရင်တောင်မှ၊ ကောင်းကင် ဘုရင်အဆင့်ကို သတ်နိုင်ရင်တောင်မှ မင်း ဒီနေ့ သေရမှာပဲ”
ထိုသို့ပြောပြီး မိုးကြိုးဘုရင်က လက်ဝှေ့ယမ်း၍ အော်ပြောလိုက်လေသည်။
“လူအိုကြီး ခင်ဗျား ထွက်လာလို့ ရပြီ”
သူ့စကားကြောင့် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ မှင်တက်သွားသည်။ သူတို့ အံ့ဩနေစဉ်မှာပင် ကောင်းကင်ထက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး လူရိပ်များ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ တစ်သောင်း။
ထိုလူတစ်ယောက်ချင်းစီမှ ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ အထူးသဖြင့် ရှေ့မှ ဦးဆောင်လာသော လူအိုကြီးပင်။ ထိုအဘိုးအိုသည် အိုမင်းနေသော မျက်လုံးများက စူးရှ၍ မာကြောလှသည်။ ထိုအဘိုးအိုကို မြင်သည်နှင့် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။
“မသေမျိုး ဖုန်းဝမ်ပါလား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကောင်းကင်ဘုရင်အဆင့် နှစ်ယောက်တောင် ရှိနေပြီပဲ”
နှစ်ယောက်လုံး ဝမ်းသာနေကြသည်။ မသေမျိုး ဖုန်းဝမ်သည် လူသားအရှင်သခင် လက်အောက်ရှိ မဟာဘုရင် လေးပါးထဲမှ တစ်ပါး ဖြစ်သည်။ သူနှင့် မိုးကြိုးဘုရင်တို့သည် ကောင်းကင်ဘုရင်အဆင့်များ ဖြစ်ကြသည်။
သူတို့နှစ်ယောက်အပြင် အနောက်မှ ပါလာသည့် အန္တိမ အထွတ်အထိပ်အဆင့်များနှင့် ရာချီသော အန္တိမ အဆင့်များကိုပါ ပေါင်းလိုက်ပါက ယင်ယန်လောကအား ရှင်းလင်းရန် လုံလောက်နေလေပြီ။
ထိုသို့တွေးမိပြီးနောက် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့က ယဲ့ဖန်အား ထီမထင်၍ လှောင်ပြောင် လိုဟန်များဖြင့် ကြည့်လာသည်။ ယဲ့ဖန်၏အော်သံများကိုပင် ကြားယောင်နေကြသည်။
“သတ်၊ သူ့ကို ဒီတစ်ခေါက် သတ်ပစ်မှဖြစ်မယ်”
မိုးကြိုးနတ်ဘုရားသည် ခက်ထန်သော မျက်နှာထားဖြင့် ယဲ့ဖန်အား ဓားဖြင့် အကြိမ်တစ်ထောင်မက ခုတ်ပစ်ရန် မစောင့်နိုင်တော့သည့်ပုံပင်။
ထိုစဉ် မသေမျိုးမျိုးနွယ်များအားလုံးက ရှေ့သို့တိုးလာသည်။ မသေမျိုး ဖုန်းဝမ်ကလည်း ယဲ့ဖန်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံး၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ငါတို့ဘိုးဘေး ချစ်ခင်တဲ့လူဖြစ်ဖို့ ထိုက်တန်သားပဲ၊ တစ်ယောက်တည်းနဲ့ မိုးကြိုးတောင်ကြားတစ်ခုလုံးကို ဖျက်ဆီးပစ်တဲ့၊ တကယ့်ကို မွေးရာပါ ပါရမီရှင်ပဲ”
မသေမျိုး ဖုန်းဝမ်က အပြုံးကြီး ပြုံးလာသဖြင့် လူတိုင်း ကျောချမ်းသွားသည်။ သူ၏စကားဆုံးသည်နှင့် ထောင်သောင်းချီသော မသေမျိုးမျိုးနွယ် သိုင်းပညာရှင်များက ယဲ့ဖန်နှင့် ဝံပုလွေရိုင်းကို ဝိုင်းလာသည်။
သူတို့တစ်ယောက်ချင်းစီမှ မရဏ အငွေ့အသက်များနှင့် လူသတ်ချင်စိတ်များ ထွက်ပေါ်နေသည်။ ဤသည်ကိုကြည့်ပြီး ဝံပုလွေရိုင်း စိတ်လေးလာသည်။
ယဲ့ဖန်၏ ခွန်အားက ကောင်းကင်ဘုရင်အဆင့်ကို ယှဉ်နိုင်လျင်တောင်မှ ကောင်းကင်ဘုရင်အဆင့် နှစ်ယောက်နှင့် ရင်ဆိုင်နေရသဖြင့် ခက်ခဲပေတော့မည်။
ထိုသို့တွေးမိပြီး ဝံပုလွေရိုင်းက ယဲ့ဖန်ကို ခပ်သွက်သွက် ပြောလိုက်သည်။
“သခင်ကြီး၊ ကျွန်တော် ဒီလူနှစ်ယောက်ကို အရင်ထိန်းထားလိုက်ပါ့မယ်၊ သခင်ကြီး ပြေးပါ”
“သခင်ကြီး အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိစမြဲပါ”
လက်ရှိအခြေအနေက အလွန် အရေးကြီးမှန်း ဝံပုလွေရိုင်း နားလည်သည်။ ယဲ့ဖန်ကိုသာ လူအိုကြီးနှစ်ယောက်က ဝိုင်းတိုက်ပါက ထွက်ပြေးချင်လျင်တောင်မှ ထွက်ပြေးရ ခက်ပေတော့မည်။
ယဲ့ဖန်က ခပ်ဖွဖွ ပြန်ပြုံး၍ သူ့ပခုံးကို အသာပုတ်လာသည်။
“စိတ်မပူနဲ့”
*စိတ်မပူရဘူးတဲ့လား*
ဝံပုလွေရိုင်း ချွေးပြန်သွားသည်။ ကောင်းကင်ဘုရင်အဆင့် နှင့် အန္တိမအဆင့်တို့တွင် အဆင့်ကွာဟချက်က ကြီးမားလှသည်။ သူတို့ တစ်ချက်လှုပ်ရှားလိုက်သည်နှင့်‌ လောကကို ဖျက်ဆီးနိုင်သလို အန္တိမ အထွတ်အထိပ် အဆင့် ဆယ်ယောက်ကျော်ကို တစ်ယောက်တည်းနှင့် အသာလေး သတ်ပစ်နိုင်သည်။
ယဲ့ဖန်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ပြီး ကောင်းကင်ဘုရင်အဆင့်တစ်ယောက်ကို အနိုင်ယူနိုင်လျင်တောင်မှ မိုးကြိုးဘုရင်အပြင် မသေမျိုး ဖုန်းဝမ်ပါ ရှိနေသေးသဖြင့် အန္တရာယ်များလှသည်။
“ဟေ့ကောင်‌လေး စိတ်မပူနဲ့”
မသေမျိုးဖုန်းဝမ်က အပြုံးကြီးပြုံး၍ ပြောလာသည်။
“မင်းက ငါတို့ဘိုးဘေးကို သိတယ်ဆိုတော့ ငါ မင်းကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးမှာ၊ ဒါပေမဲ့ မင်းခေါင်းကိုပဲ သယ်သွားမှာ”
သူ့စကားကြောင့် ဘေးနားမှ မသေမျိုးမျိုးနွယ်အားလုံး ထီမထင်ဟန် ပြုံးလာသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် မုချသေရမည့်သူဟု ထင်မှတ်နေသည်။ မိုးကြိုးဘုရင်၊ ဖုန့်လောလောနှင့် မိုးကြိုးနတ်ဘုရားတို့သည်လည်း ယုံကြည်ချက် ခိုင်မာနေ၏။
ထိုစဉ် အားလုံးက ယဲ့ဖန်ထံသို့ တိုးတိုးလာပြီး တဖြည်းဖြည်း ချောင်ပိတ်လာအောင် ဝိုင်းလာသည်။ သို့သော် ယဲ့ဖန်က ပြန်ရယ်မောလာသည်။ သူက မိုးကြိုးဘုရင်နှင့် မသေမျိုး ဖုန်းဝမ်တို့ကို ကြည့်၍ ထူးဆန်းသော အပြုံးမျိုး ပြုံးလေသည်။
“ခင်ဗျားတို့ သိလားဗျ၊ တကယ်တော့ ကျုပ်က ခင်ဗျားတို့ ရောက်မလာမှာကို စိုးရိမ်နေခဲ့တာ”
လူတိုင်း တန့်ခနဲ ဖြစ်သွားပြီး မျက်မှောင်ကြုတ်လာသည်။ ယဲ့ဖန်၏ စကားမှ အန္တရာယ်အရိပ်အငွေ့များ ရနေသည်ဟု ခံစားမိလာရသည်။
“ဟေ့ကောင် ဘာပြောတာလဲ၊ မင်း ဆိုးဆိုးရွားရွား သေရရုံနဲ့ မလုံလောက်သေးလို့လား”
မိုးကြိုးဘုရင်၏ စကားသံက ခက်ထန်လွန်းလှသည်။
“မဟုတ်ဘူး၊ မဟုတ်သေးဘူး”
ယဲ့ဖန်က ခေါင်းခါလေသည်။
“ခင်ဗျား အထင်လွဲနေပြီ၊ တစ်စုံတစ်ယောက်က ခင်ဗျားတို့ကို စောင့်နေပြီသား၊ ခင်ဗျားတို့ကို … သူတို့က စောင့်နေတာ”
ယဲ့ဖန်စကားကြောင့် သူတို့ နားကြားလွဲသည်ဟုပင် ထင်မိသွားသည်။ သို့သော် ထိုအချိန်၌ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ဒုန်း! ဒုန်း! ဒုန်း!
မိုးကြိုးတောင်ကြားသို့ လူအများ လှမ်းလာနေကြပြီး များပြားလှသဖြင့် ထိုလူအုပ်၏ အဆုံးကို မမြင်ရချေ။ ထိုလူများကို သေချာ မြင်လိုက်ရချိန်တွင် မိုးကြိုးဘုရင်၊ မသေမျိုး ဖုန်းဝမ်၊ မသေမျိုးမျိုးနွယ်များအားလုံး အပါအဝင် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ပါ မှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူများက … အလောင်းကောင်များ ဖြစ်နေသောကြောင့်ပင်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now